29 C
Yangon

မုံရွာ-ရေဦးလမ်းပိုင်းမှ စိုင်ပြင်မြို့ကို စစ်တပ်က ဦးတည် စစ်ကြောင်းထိုးနေပြီး လမ်းပိုင်းတောက်လျောက် ရွာများကိုလည်း ဆက်တိုက်ဗုံးကျဲနေ၍ စစ်ရှောင်ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦးလမ်းပိုင်းမှ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ကို စစ်တပ်က ဦးတည် စစ်ကြောင်းထိုးနေပြီး လမ်းပိုင်းတောက်လျောက် ရွာများကိုလည်း ဆက်တိုက်ဗုံးကျဲနေ၍ စစ်ရှောင်ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့မှ စတင်ပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းနှင့် ခြေလျင် စစ်ကြောင်းသည် အနောက်ဇီးတောရွာကို ရောက်ရှိလာကြောင်း၊ ထို့နောက် မေလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၂ ဖွဲ့ခွဲ၍ ထနောင်းကုန်းရွာနှင့် ရွှေချောင်းလည်ရွာကို ထပ်မံ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ မေလ ၁၈ ရက်နေ့တွင်လည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကားများ ဘုတလင်မြို့နယ် အနောက်ဇီးတောရွာအတွင်း ထပ်မံရောက်ရှိနေပြီး အင်အားဖြည့်တင်းကာ အင်အားစုဖွဲ့ပြီးနောက် စစ်ကြောင်းသည် ဘုတလင်မြို့ပေါ်သို့ဝင်ရောက်သွားကြောင်း သိရှိရသည်။

မေလ ၁၉ ရက်နေ့တွင် ဘုတလင်မြို့ပေါ်၌ ရောက်ရှိနေသော စစ်ကြောင်းသည် မုံရွာ-ရေဦး လမ်းအတိုင်း ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ကို ဦးတည်ကာ စစ်ကြောင်းထိုးနေပြီး လမ်းပိုင်းတောက်လျောက်ရှိရွာများကိုလည်း ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်လျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် မုံရွာ-ရေဦး လမ်းပိုင်းရှိ မြောက်ကျီရွာ၊ ရှမ်းတဲရွာ၊ ပဲပြစ်တောရွာ၊ အောင်ချမ်းသာရွာ၊ ဆိပ်သာကန်ရွာ၊ နတ်ရွာ၊ အုတ်ဖိုရွာနှင့် လက်ပံရွာမှ ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဆိပ်သာကန်ရွာ၊ နတ်ရွာ နှင့် အုတ်ဖိုရွာ အကြားကို ဗုံးကျဲ တိုက်ခိုက်ခြင်းများကြောင့် စစ်ဘေးရှောင် အသက် ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦး နှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ ယနေ့ မေလ ၂၀ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က မုံရွာ-ရေဦး လမ်းတောက်လျောက်ကို စက်တပ်လေထီး၊ အသေခံဒရုန်းများဖြင့် ဆက်တိုက်ဗုံးကျဲ နေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက မုံရွာ-ရေဦး လမ်းအတိုင်း စိုင်ပြင်မြို့ဘက်ကို ဦးတည်ပြီးစစ်ကြောင်းထိုးနေတာ စိုင်ပြင်ထိသွားမယ်လို့တော့ ယူဆရတယ်။ အခု စစ်ကြောင်းက ဘုတလင်မြို့ မုံရွာ-ရေဦး လမ်းပိုင်းကရွာတွေကို မွှေနှောက်နေတယ်။ မြောက်ကျီရွာက စစ်ကြောင်းက စထွက်လာနေပြီ ပြည်သူတွေလည်း ဘေးလွတ်ရာ အကုန်ပြေးနေရပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article