28 C
Yangon

ဘုတလင်၊ ငါန်းဇွန် နှင့် စစ်ကိုင်းမြို့နယ် တို့တွင် စစ်တပ်က ပြည်သူ ၁၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများမှ ပစ္စည်းများကို စိတ်ကြိုက် ခိုးယူနေ

Must read

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၆ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ကျေးရွာပေါင်း ၁၀ ခုကျော်မှ ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်း ဘုတလင်မြို့မှ အဖွဲ့ဝင် ကိုမိုးကြိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့မှ စတင်ပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းနှင့် ခြေလျင် စစ်ကြောင်းသည် ဘုတလင်မြို့နယ် အတွင်းရှိကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်းပြီးနောက် ဘုတလင်မြို့ပေါ်ကို ဝင်ရောက်သွားကြောင်း၊ ထို့နောက် စစ်ကြောင်းသည် မုံရွာ-ရေဦး လမ်းပိုင်းမှ စိုင်ပြင်မြို့ကို ဦးတည်ပြီး ထပ်မံ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထနောင်းကုန်ရွာမှ စစ်ဘေးရှောင် ပြည်သူ ၆ ဦးကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးထားပြီး ဆက်လက် စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း၊ ထို စစ်ကြောင်းကြောင့် သပြေပင်ကျေးရွာ၊ မြောက်ကျီကျေးရွာ၊ ရှမ်တဲကျေးရွာ၊ နှောယင်းကျေးရွာ၊ ထတန်းကျေးရွာ၊ တလှိုင်းကျေးရွာ၊ ပဲပြစ်တော (ရ)၊ ပဲပြစ်တော (န)၊ ဆိတ်သာကန် ကျေးရွာ ၊ ကြိုကုန်းကျေးရွာ ၊ နတ်ကျေးရွာ၊ ရွာသာကျေးရွာ ၊ မြင်သာကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ ဘီသျှူးကျေးရွာ၊ ငပယင်းကျေးရွာနှင့် မြောက်တောကြီးကျေးရွာတို့မှ ပြည်သူ ၂ သောင်းကျော်သည် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဘုတလင်မြို့ မြောက်ခြမ်းမှာ ရှောင်နေရတဲ့ရွာက စုစုပေါင်း ၁၇ ရွာ လောက် ရှောင်ရတယ်။ စစ်ရှောင်ရတဲ့ လူဦးရေ ၂ သောင်းဝန်းကျင်လောက်ရှိတယ်။ စစ်ခွေးတွေကတော့ နေအိမ်ကို မီးရှို့တာမျိုးတော့ မရှိသေးပါဘူး။ သူတို့ထွက်လာတာလုပ် ဝေဟင်တိုက်ခိုက်မှုလုပ်လို့ ကြိုကုန်းက ယောက်ကျားလေး ၂ နှစ်ဦး အသက် ဆုံးရှုံးတာ ရှိပါတယ်။ ပြည်သူတွေ ဖမ်းဆီးတာတော့ ရှိပါတယ်။ သူတို့ နမခကနေ ဘုတလင်ကို ထွက်လာတဲ့ အချိန်တုန်းက ဘုတလင် နမခ ကြားက ကျေးရွာ ထနောင်ကုန်းက ပြည်သူတွေ ဖမ်းလာတဲ့ ပြည်သူတွေတော့ရှိသေးတယ်။ အဲဒါတွေကတော့ ဘုတလင်မှာ လွတ်ပေးတာမျိုးတော့ မရှိသေးဘူး။ အဲဒါမျိုးတော့ရှိပါတယ်။ မြောက်အခြမ်းမှာတော့ ဖမ်းထားတာ မကြားရသေးဘူး။ စစ်ခွေးတွေ ဖမ်းဆီးတဲ့ ပြည်သူက ၆ ဦးကျန်ပါသေးတယ်။ ထနောင်းကုန်ရွာကပြည်သူတွေပါ။ အမျိုးသားတွေပါ” ဟု ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်း ဘုတလင်မြို့မှ အဖွဲ့ဝင် ကိုမိုးကြိုးက ပြောဆိုသည်။

ထို့ပြင် မေလ ၂၀ ရက်နေ့ကလည်း ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦးလမ်းပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Gyrocoptor ၃ စီး ဖြင့် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်၊ စက်တပ်လေထီး ၂ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်၊ အသေခံ ဒရုန်း ၆ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်၊ တံတားဦးမှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဆိပ်သာကန်ရွာ၊ နတ်ရွာ နှင့် အုတ်ဖိုရွာ အကြားကို ဗုံးကျဲ တိုက်ခိုက်ခြင်းများကြောင့် စစ်ဘေးရှောင် အသက် ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦး နှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တို့တွင်လည်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၆ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၅ ရက်နေ့တွင် ငါန်းဇွန်မြို့နယ် ၁၄ မိုင်လမ်းဆုံကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်သည် ကျီးမနားရွာနှင့် သာစည်ရွာဘက်ကို စစ်ကြောင်းများ ဖြန့်ကျက်ပြီး ကျေးရွာများအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများနှင့် နွားများကို ခိုးယူသွားကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ဖောကား ၁၄ စီးသည်လည်း ငါန်းဇွန်မြို့ထဲကိုဝင်ရောက်သွားကြောင်း၊ လက်ရှိချိန်တွင် စစ်တပ်သည် ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများကို အင်အားဖြည့်တင်း၍ စစ်ကြောင်းထိုးလာနိုင်ကြောင်း သိရှိရသည်။

“အခု စစ်ခွေးကြောင်းက ငါန်းဇွန် ၁၄ မိုင်လမ်းဆုံက ကျီးမနားရွာနဲ့ သာစည်ရွာဘက်ကို တပ်ဖြန့်ပြီး ရွာထဲက ပစ္စည်းတွေနဲ့ နွားတွေကို ခိုးယူသွားတယ်။ နောက်ပြီး စစ်ခွေးတွေ တင်လာတဲ့ ဖောကား ၁၄ စီးကလည်း ငါန်းဇွန်မြို့ထဲကို ဝင်သွားတယ်။ စစ်ခွေးတွေ အင်အားဖြည့်တင်းပြီး ရွာတွေထဲကို စစ်ကြောင်းထိုးနိုင်တဲ့ အခြေအနေပဲ တိုက်ပွဲဖြစ်ပွားတာတော့ မရှိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးရွာကိုလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ယမန်နေ့ မေလ ၂၄ ရက်နေ့ ညပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီး အုတ်ဖိုတွင် အလုပ်လုပ်ကိုင်နေသော ပြည်သူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ လက်ရှိချိန် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။

“စစ်ကိုင်းမြို့နယ်က ရွာသစ်ကြီးရွာကိုလည်း စစ်ခွေး စစ်ကြောင်းက မနေ့ညပိုင်းက ဝင်လာပြီးတော့ စက်ရုံတောင်ဘက်က အုတ်ဖိုမှာ အလုပ်လုပ်‌နေတဲ့ ပြည်သူ ၆ ဦးကို ဖမ်းခေါ်သွားတယ်။ အခုထိလည်း အဆက်အသွယ်မရသေးဘူး။ ဘယ်ကို ဖမ်းသွားလဲဆိုတာကော မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ဘုတလင်မြို့နယ် အတွင်း စစ်တပ် စစ်ကြောင်း ညအချိန် ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article