28 C
Yangon

ထိုင်းနိုင်ငံ၊ Canbo Technology စက်ရုံတွင် မြန်မာအလုပ်သမားများထံမှ အလုပ်ဝန်ဆောင်မှုငွေကြေးများ မတရားကောက်ခံကာ အစမ်းခန့်ဝန်ထမ်းအဖြစ်သာခန့်အပ်၍ အလုပ်ထုတ်နေ

Must read

ရန်ကုန်၊ မေ ၂၅

ထိုင်းနိုင်ငံ၊ စမူဆာခွန်ခရိုင်၊ မဟာချိုင်မြို့နယ်၊ ဘန်ကကျောက်စက်မှုဇုန်အတွင်းရှိ Canbo Technology (Thailand) Co., Ltd. စက်ရုံတွင် မြန်မာအလုပ်သမားများထံမှ အလုပ်ရှာဝန်ဆောင်မှု (စမတ်ခ)ငွေကြေးများကို မတရားတောင်းခံရယူပြီးနောက် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းမပြုဘဲ အစမ်းခန့်ကာလဝန်ထမ်းများအဖြစ်သာ ထားရှိကာ မတရားအလုပ်ထုတ်ပယ်မှုများ ပြုလုပ်လျက်ရှိကြောင်း နစ်နာသူ မြန်မာအလုပ်သမားများထံမှ သိရသည်။

၂၀၂၅ ခုနှစ်မှစတင်၍ Canbo အီလက်ထရောနစ်စက်ရုံ လက်အောက်ခံနိုမီနီ(Nominee) စက်ရုံမှ နာမည်ခံသူဌေးမ ထဝစ်စံ (ခ) Kitty၊ ပွဲစားရှမ်းလေး နှင့် Canbo စက်ရုံမှ စကားပြန် ဒေါ်အိ တို့ ၃ ဦး ပူးပေါင်းကာ မြန်မာအလုပ်သမားများထံမှ အလုပ်စမတ်ကြေးနှင့် အလုပ်ဝန်ဆောင်မှုစရိတ်အဖြစ် အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၈,၅၀၀ မှ ၁၆,၀၀၀ အထိ မတရားတောင်းခံခဲ့ကြသည်။

ထို့ပြင် စာရွက်စာတမ်းအတုများ ပြုလုပ်ပေးခြင်း၊ အလုပ်သမားများကို အလွယ် တကူ ထုတ်ပယ်နိုင်ရန်အတွက် အစမ်းခန့်စာချုပ်များကိုသာ ထပ်ခါတလဲလဲ ချပ်ဆိုခြင်းနှင့် သူဌေးပြောင်းစာချုပ်များ မကြာခဏချုပ်ဆိုစေခြင်းတို့ဖြင့် အပြစ်မရှိအပြစ်ရှာကာ အလုပ်ထုတ်ပြီး ခေါင်းပုံဖြတ်နေကြခြင်း ဖြစ် သည်။

Canbo Technology စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာအလုပ်သမားတစ်ဦးက “အလုပ်သမားတွေဆီက အလုပ်စမတ်ကြေးတွေ မတရားယူပြီးတော့ အလုပ်သမားတွေကို ခန့်လိုက်ဖြုတ်လိုက် လုပ်စားနေတာ။ စာရွက် စာ တမ်းတွေလည်း မမှန်မကန်လုပ်တယ်။ သူဌေးပြောင်းခတွေလည်း မတရားရယူ၊ ဘတ်အသစ်တွေရိုက်ခိုင်း၊ VIP ဘတ်တွေရိုက်ခိုင်းနဲ့ မတရားလုပ်စားနေကြတာ။ အလုပ်ဘယ်လောက်ကြာကြာ Canbo Company နဲ့ သူဌေးမပြောင်းပေးဘဲနဲ့ နာမည်ခံသူဌေးမနဲ့ပဲ သူဌေးပြောင်းပေးပါတယ်။ ပြီးတော့ စာချုပ်တွေမှာ ခဏခဏလက်မှတ် ထိုးခိုင်းပြီးတော့ အစမ်းခန့်ကာလစာချုပ်တွေ ခဏခဏလုပ်ပါတယ်။ အဲဒါမှ အလွယ်တကူဖြုတ်နိုင်အောင်လို့ပါ” ဟု ရှင်းပြသည်။

ယခုကဲ့သို့ မတရားသဖြင့် အလုပ်ဝန်ဆောင်မှုငွေကြေးများ ကောက်ခံပြီး အစမ်းခန့်အဖြစ်သာ သတ်မှတ်ကာ အလုပ် ထုတ်ပယ်ခံရမှုကြောင့် နစ်နာခဲ့ရသည့် မြန်မာအလုပ်သမား အရေအတွက်မှာ ၅၀၀ ခန့်အထိ ရှိနေပြီဖြစ်သည်။

ထို့ကြောင့် မေလ ၂၀ ရက်နေ့ မြန်မာအလုပ်သမားများ စုပေါင်း၍ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားရေးအကူအညီပေးသူများထံ တိုင်ကြားခဲ့ရာ၊ စက်ရုံတာဝန်ရှိသူများက နောက်ထပ်အလုပ်သမား ၃၀ ဦးကို ထပ်မံအလုပ် ထုတ် ပယ်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု နိုမီနီ(Nominee) ပိုင်ရှင် ထဝစ်စံ (ခ) Kitty က ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

အလုပ်ထုတ်ပယ်ခံရသူ မြန်မာအလုပ်သမားတစ်ဦးက “ကျနော်တို့ မြန်မာနိုင်ငံသား အလုပ်သမားတွေက အလုပ်လည်း အထုတ်ခံရသေး၊ ခြိမ်းခြောက်လည်း ခံနေကြရတယ်။ အခုလက်ရှိ အလုပ်လုပ်နေတဲ့သူတွေကိုပါ ခြိမ်း ခြောက်နေတာပါ။ Canbo စက်ရုံမှာ စကားပြန်လိုလို ဒေါ်အိဆိုသူက အလုပ်သမားတွေကို အပြစ်မရှိ အပြစ်ရှာပြီး ထုတ်ပါတယ်။ တရားခံရတာတွေများလို့ အလုပ်သမားအခွင့်အရေးတွေ ဘာတစ်ခုမှ မရလို့ သက်ဆိုင်ရာကို တိုင်တော့လည်း အလုပ်ပဲ ဖြုတ်ပြီးရင်း ဖြုတ်ခံနေရပါတယ်။ နာမည်ခံသူဌေးမ၊ ပွဲစားရှမ်းလေးနဲ့ ဒေါ်အိတို့ပေါင်းပြီး လုပ်စားနေကြတာပါ”ဟု ပြောဆိုသည်။

အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်ကာ ခေါင်းပုံဖြတ်နေသည့် အဆိုပါ Canbo Technology (Thailand) Co., Ltd. စက်ရုံမှာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ရုံးချုပ်ထားရှိပြီး ကွမ်ကျိုးနှင့် ကွမ်တုံအခြေစိုက် တရုတ်နိုင်ငံ သားများက ဦးစီးလုပ်ကိုင်ကာ ယင်းစက်ရုံမှ ထုတ်ကုန်များကို အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article