28 C
Yangon

ထားဝယ်၊ ကြာအင်းဆိပ်ကြီးနှင့် ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မေ ၂၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကျောက်ရှပ်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ပစ္စည်းများ ပျက်စီးခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားသည်။

မေလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ကျောက်ရှပ်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ပြည်သူပိုင် ကွမ်းခြံ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျိုက်ဒုံမြို့အဝင် တံတား၏ တစ်ဖက်ကမ်းတွင်ရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်များသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ အမျိုးသမီး ၃ ဦးသေဆုံးပြီး အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူပိုင် နေအိမ် ၂ လုံး နှင့် အိမ်စီးကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တောင်ခြမ်းရှိ ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ Gyrocopter ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မေလ ၂၅ ရက်နေ့ မွန်းလွဲ ၂နာရီ ၃၀မိနစ်ခန့်နှင့် ၃နာရီ ဝန်းကျင်ခန့်တို့တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ တက်လာသော Gyrocopter ၂ စီးသည် ဘုတလင်မြို့နယ် တောင်ခြမ်းရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေးတွေက ဘုတလင်မြို့နယ် တောင်ခြမ်းမှာ သူတို့ လေကြောင်းတိုက်ခိုက်မှုလုပ်ပြီးတော့ မုံရွာ နမခ ကွင်းဘက်ကို ပြန်ဆင်းသွားတာပါ။ တိုက်ပွဲကတော့မဖြစ်ပါဘူး။ သူတို့ ခွေးကြောင်းထွက်လာတာ အခု ဇီးတောဘက်ကို ရောက်နေတယ်။ အဲဒါကိုမှ ဘုတလင်ဘက်ခြမ်းကို ဆက်တိုးချင်လို့ သူတို့ လေကြောင်းတိုက်ခိုက်မှု လုပ်နေတာနဲ့ တူပါတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးတွေတော့ မကြားသေးဘူး။ နေအိမ်ပျက်စီးတာမျိုးတွေလည်း မသိရသေးဘူး”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article