26 C
Yangon

ထိုင်းနိုင်ငံ၊ မဲဆောက် စစ်ဆေးရေးဂိတ်တွင် နိုင်ငံကူးလက်မှတ်အတုများဖြင့် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး

Must read

ရန်ကုန်၊ မေ ၂၇

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ဟွေဟင်ဖုန်ပူးပေါင်းလုံခြုံရေးစစ်ဆေးရေးဂိတ်တွင် အထောက်အထားစာရွက်စာတမ်းများနှင့် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတုများ ပြသကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံသား ၆ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

မေလ ၂၆ ရက်နေ့ ည ၉ နာရီခန့်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး (လဝက) ရဲတပ်ဖွဲ့၊ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့၊ စစ်တပ်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့များသည် မဲဆောက်မြို့၊ မယ်ပကျေးရွာအုပ်စုရှိ ဘန်ဟွေဟင်ဖုန်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များနှင့်လူပုဂ္ဂိုလ်များကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးနေစဉ် အသက် ၂၀ နှစ်မှ ၄၅ နှစ်အရွယ်ကြားရှိ မြန်မာနိုင်ငံသား ၆ ဦး (အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး) စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ပြသသည့် မြန်မာနိုင်ငံကူးလက်မှတ် ၆ အုပ်နှင့် ထိုင်းလဝက၏ နေရပ်လိပ်စာပြောင်းလဲကြောင်း အကြောင်းကြားစာ (TM-27) ၆ စောင်စလုံးမှာ အတုများဖြစ်နေသည်ကို အာဏာပိုင်များက စိစစ်တွေ့ရှိခဲ့ရသည်။

တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၆ ဦးစလုံးက ၎င်းတို့သည် အဆို ပါ အထောက် အထားစာရွက်စာတမ်းအတုများကို အသုံးပြုကာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ပြစ်မှုကျူးလွန်ခဲ့မှုကို ဝန်ခံထွက်ဆိုခဲ့ကြသည်။

လက်ရှိတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိသူ ၆ ဦးစလုံးကို “နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်အသုံးပြုမှု”၊ “အများပြည်သူကို ထိခိုက်နစ်နာစေနိုင်သည့် အစိုးရဌာနဆိုင်ရာ အထောက်အထားစာရွက်စာတမ်းအတု ကိုင်ဆောင်အသုံးပြုမှု” နှင့် “ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှု” စသည့် ပုဒ်မများဖြင့် မဲဆောက်မြို့နယ်ရဲစခန်းသို့ သက်သေခံပစ္စည်းများနှင့်အတူ လွှဲပြောင်းအပ်နှံထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article