ရန်ကုန်၊ မေ ၂၈
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ခလရ ၉၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ပြည့်ဖြိုးအောင် အကြမ်းဖက် စစ်တပ်ကို ပြန်လည် တိုက်ခိုက်ရန် အလင်းဝင်ရောက်လာကြောင်း တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၅ ရက်နေ့တွင် ပန်းတောင်းမြို့နယ် ခလရ ၉၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ပြည့်ဖြိုးအောင်သည် အကြမ်းဖက် စစ်တပ် အတွက် အသက်ပေး၍ ဆက်လက် တာဝန်မထမ်းဆောင်လိုဘဲ စစ်တပ်ကို ပြန်လည် တိုက်ခိုက်မည်ဟုဆိုကာ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ ၊ နတ်စစ်သည်တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုစစ်မှုထမ်း တပ်သားသစ်သည် ၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်ကို ရောက်ရှိခဲ့ပြီး စစ်မှုထမ်း သင်တန်းကို ရန်ကုန်တိုင်းအတွင်းရှိ မင်းကုန်းရွာ နှင့် ဖောင်ကြီး တို့တွင် တက်ရောက်ခဲ့ကြောင်း၊ ထိုသို့ သင်တန်း တက်ရောက်ပြီးနောက် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ညောင်ကျိုးနှင့် လေလံတောင်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။
“သူက စစ်အာဏာရှင် လူတစ်စုကို အသက်ပေး တာဝန်မထမ်းဆောင်နိုင်လို့ဆိုပြီး ပြည်သူလူထုကို အာဏာရှင်လက်အောက်က လွတ်မြောက်စေဖို့ တော်လှန်းရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင် တိုက်ပွဲဝင်သွားမယ်ဆိုပြောပါတယ်။ သူနောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တာက ညောင်ကျိုးမှာ စစ်ခွေးကို ပြန်တိုက်မယ်လို့တော့ ပြောတယ်” ဟု တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ပြည်သူ့ပန်းတိုင်အဖွဲ့၏ ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် မေလ ပထမပတ် အထိ အလင်းဝင် ပူးပေါင်းလာသော စစ်သား၊ လက်နက်ချ စစ်သားနှင့် စစ်သုံ့ပန်း စုစုပေါင်း ၃၁၁၇ ဦးထိရှိပြီ ဖြစ်ကြောင်း သိရသည်။





