ရန်ကုန်၊ မေ ၂၉
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်မှ စစ်မှုထမ်းတပ်သားသစ် ပြည့်စုံဆိုသူသည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ တော်လှန်ရေးအဖွဲ့ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း COBRA ONE တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် အဆိုပါ စစ်မှုထမ်းတပ်သားသစ် ပြည့်စုံသည် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်နက်ကြီးတပ်ဖွဲ့ဖြစ်သော COBRA ONE Pakokku ထံသို့ ဆက်သွယ်ကာ ခိုလှုံလာခဲ့ခြင်း ဖြစ်သည်။
အလင်းဝင်လာသူ တပ်သားသစ် ပြည့်စုံသည် မကွေးတိုင်း စလင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ပေါ်တာဆွဲ အတင်းအဓမ္မဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် စစ်မှုထမ်း အပတ်စဉ် ၂၂ မှဖြစ်ကာ၊ တောင်ငူမြို့ရှိ အမှတ် ၆ တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် စစ်သင်တန်းတက်ရောက်ခဲ့ရသူဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လုပ်ရပ်များကို မနှစ်သက်သဖြင့် ချိတ်ဆက်အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်တွင်း၌ အရာရှိများကိုယ်တိုင် WY စိတ်ကြွရူးသွပ်ဆေးပြားများကို တရားမဝင်ရောင်းချနေကြပြီး၊ အောက်ခြေတပ်သားများကို လစာပုံမှန်ပေးခြင်းမရှိကြောင်း အလင်းဝင်စစ်မှုထမ်းတပ်သားသစ်က ပြောဆိုသည်။
“အလင်းဝင်ရောက်လာတဲ့သူက သေနတ်မပါဘူး။ သူက စလင်းမှာ နေထိုင်ပြီးတော့ စစ်ခွေးတွေက ဒီနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပေါ်တာဆွဲသွားတာကိုခံရတာ။ အဲဒီနောက်တော့ စစ်တပ်ထဲရောက်သွားတာ”ဟု COBRA ONE တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ပြောဆိုသည်။
ပြည်သူလူထုကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံ အချိန်မီခိုလှုံဝင်ရောက်ကြပါရန်နှင့် ၎င်းတို့ကို နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE Pakokku က ထပ်မံနှိုးဆော်ထားသည်။
“ပြည်သူ့ပန်းတိုင်” အဖွဲ့၏ ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ယခု ၂၀၂၆ ခုနှစ် မေလ ဒုတိယပတ်အထိ စစ်ကောင်စီတပ်ဘက်မှ အလင်းဝင်ပူးပေါင်းလာသူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ စုစုပေါင်း ၃,၁၄၁ ဦး အထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။




