26 C
Yangon

မြစ်ခြေမြို့အဝင်လမ်းတွင် စစ်တပ်က သတ်ဖြတ်ထားသော ရုပ်အလောင်းများကို စွန့်ပစ်ထားပြီး မြို့ပေါ် နေအိမ်များကိုလည်း ၂ ရက်ဆက် မီးရှို့နေ၊ အမျိုးသမီးတချို့ကိုလည်း စစ်တပ်က အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်မှုများရှိဟု ဒေသခံများ ပြောဆို

Must read

ရန်ကုန်၊ မေ ၂၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အဝင်လမ်းတွင် အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ထားသော ရုပ်အလောင်းများကို စွန့်ပစ်ထားပြီး မြို့ပေါ် နေအိမ်များကိုလည်း ၂ ရက်ဆက် မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ပြီး မြစ်ခြေမြို့ပေါ်ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့သစ်ရပ်ကွက်မှ နေအိမ်များကို ည ၁၀ နာရီကျော်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး မိုးရွာသွန်းခြင်းကြောင့် မီးငြိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ မေလ ၂၉ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို နံနက်ပိုင်းမှ စတင်၍ ထပ်မံ မီးရှို့နေကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ကလည်း မြစ်ခြေမြို့ပေါ်မှ စစ်ဘေးရှောင် ပြည်သူများသည် နေအိမ်များကို မီးငြိမ်းသတ်ရန် သွားရောက်စဉ် မြို့အဝင်တောင်ဘက်ခြမ်း ဆွဲကြီးရွာလမ်းပေါ်တွင် စစ်တပ်က သတ်ဖြတ်ထားသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ စစ်ဘေးရှောင်များက အလောင်းကောက်ယူရန် ကြိုးစားစဉ် စစ်သားများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သောကြောင့် ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။

စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတောက်လျောက်ရှိ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်သည့် အပြင် အမျိုးသမီးတချို့ကိုလည်း အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်မှုများလည်းရှိကြောင်း ဒေသပြည်သူများ ပြောဆိုချက် အရ သိရသည်။

“စစ်ခွေးတွေ မနေ့က မြစ်ခြေမြို့ကို မီးရှို့တာက ညပိုင် ၁၀ နာရီကျော်လောက်မှ မိုးရွာလို့ ငြိမ်းသွားတယ်။ ဒီနေ့ နံနက်ကျတော့ ၈ နာရီလောက်က စပြီး စစ်ခွေးတွေ ထပ်ရှို့နေတယ်။ နေအိမ်ဆုံးရှုံးမှုကတော့ များနိုင်တယ်။ မနေ့က မြစ်ခြေမြို့ပေါ်က ပြည်သူတွေက မီးပြန်ငြိမ်းမယ်ဆိုပြီး လူစုပြီး မြို့ထဲပြန်အဝင်မှာ မြို့အဝင်တောင်ဘက်ခြမ်း ဆွဲကြီးရွာလမ်းပေါ်မှာ စစ်ခွေးတွေေ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းတွေ့လို့ ဆွဲယူဖို့လုပ်နေတုန်း သေနတ်နဲ့ လိုက်ပစ်လို့ အကုန်ပြန်ပြေးခဲ့ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုစစ်ကြောင်းသည် မေလ ၉ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာရွာမှ ပျူစောထီးများနှင့် တပ်မ ၁၀၁ မှ စစ်သားများ ပူးပေါင်းကာ အင်အား ၅၀၀ ခန့်ဖြင့် မြစ်ခြေမြို့ကို ဦးတည် စစ်ကြောင်းထိုးလာကာ လမ်းတောက်လျောက်ရှိ ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် လက်ပန်ကျွန်းရွာ ၊ ကူကျွန်းရွာ၊ နံဂါတ်အရှေ့ရွာ၊ နံဂါတ်အနောက်ရွာ၊ ဥယာဥ်ရွာ၊ ညောင်ပင်ရွာ၊ အင်းဝိုင်းရွာ၊ မိုးနတ်ကုန်းရွာ၊ ဆွဲကြီးရွာနှင့် ထနောင်းကုန်းရွာ တို့မှ နေအိမ် အများအပြားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် မြစ်ခြေမြို့ပေါ်မှ ပြည်သူများ အပါအဝင် အနီးတဝိုက် ကျေးရွာများမှ ပြည်သူ ၂၀၀၀၀ ခန့်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁၄ ရက်ကျော်ကြာမြင့်နေပြီဖြစ်ပြီး စားနပ်ရိက္ခာများနှင့် မိုးကာများ လိုအပ်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article