27 C
Yangon

လောင်းလုံးတွင် စစ်တပ်က ကဒက်ကြီးရွာကို မီးရှို့ပြီး ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေ၊ ထားဝယ်နှင့် သရက်ချောင်းတွင်လည်း စစ်ကြောင်းများ ဝင်ရောက်လာ၍ ရွာလုံးကျွတ် တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မေ ၂၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကဒက်ကြီးရွာကို မီးရှို့ပြီး ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေကာ ထားဝယ်နှင့် သရက်ချောင်းတွင်လည်း စစ်ကြောင်းများ ဝင်ရောက်လာ၍ ရွာလုံးကျွတ် တိမ်းရှောင်နေရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်မှ စတင်ပြီး လောင်းလုံးမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့အနီးရှိ ညင်းမော်ရွာ၊ ရင်းဘုတ်ရွာနှင့် စစ်ပြဲရွာများကို စတင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် မေလ ၂၇ ရက်နေ့တွင် ထို စစ်ကြောင်းသည် ကဒက်ကြီးရွာ အနီးရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် မေလ ၂၈ ရက်နေ့တွင် ကဒက်ကြီးကျေးရွာမှ နေအိမ် ၆ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတောက်လျောက်ရှိ ပြည်သူ ၂၀ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် စစ်ပြဲကျေးရွာ၊ ညင်းမော်ကျးရွာ၊ ဂေါ့အင်းကျေးရွာ၊ ရေဖြူကျေးရွာ ၊ ဝံတွင်းကျးရွာ၊ သင်္ကန်းတော၊ ပိန္နဲတောကျေးရွာ၊ ကျောက်ဖြူကျေးရွာ၊ ကဒက်ကြီးရွာ၊ ဟင်းချိုတောရွာနှင့် သပြေရှောင်ရွာ တို့မှ သောင်းနှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ ထားဝယ်အထူးစီးပွားရေးဇုန်တွင် တပ်စွဲထားသော အင်အား ၁၂၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း နဘူလယ်တိုက်နယ်ဘက်ရှိ လဲရှောင်ကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို စစ်ကြောင်းဝင်ရောက်စီးနင်းမှုကြောင့် လဲရှောင်ကျေးရွာ၊ ထိန်ကြီးကျေးရွာနှင့် ပရဒတ်ကျေးရွာမှ ပြည်သူ ၁၀၀၀ ခန့်သည်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အနီးနားရှိ မယင်းကြီးကျေးရွာမှ ပြည်သူများလည်း စစ်ကြောင်းဝင်ရောက်လာမည်ကို စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။

ထို့ပြင် ထားဝယ်မြို့ပေါ်မှ ထွက်လာသော အင်အား ၁၂၀ ကျော်ပါ စစ်ကြောင်းကလည်း သရက်ချောင်းမြို့နယ်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး လက်ရှိချိန်တွင် ရှမ်းမတွင်းကျေးရွာဘက်သို့ ရောက်ရှိနေကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်နေ၍ ရှမ်းမတွင်းကျေးရွာအပါအဝင် အနီးအနားကျေးရွာများမှ ရာနှင့်ချီသောပြည်သူများလည်း စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“ထားဝယ်အထူးစီးပွားဇုန်မှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက အင်အား ၁၂၀ ခန့်နဲ့ နဘူလယ်တိုက်နယ်ဘက်က လဲရှောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတယ်။ အဲ့နားမှာရှိတဲ့ ရွာကြီး ၃ ရွာက ပြည်သူ ၁၀၀၀ ကျော်လောက်တော့ ထွက်ပြေးနေရပြီ မယင်းကြီးရယ်ကတော့ ဝေးတော့ မရှောင်ရသေးဘူး။ စစ်ခွေးတွေက ရွာထဲဝင်လာပြီဆို သောင်းကြမ်းတဲ့ကောင်တွေပဲဆိုတော့ သူတို့ကိုကြောက်နေရတော့ ပြည်သူတွေက ပြေးရမှာပဲ။ လောင်းလုံးမြို့နယ်ထဲ အင်အား ၁၂၀ နဲ့ပဲ ထိုးနေတဲ့ စစ်ကြောင်းက ကဒက်ကြီးရွာက နေအိမ် ၆ လုံးကို မီးရှို့သွားတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်သံတွေတော့ကြားနေရတယ်။ ကဒက်ကြီးရွာကနေ အောက်ဘက်က ရွာတွေကို ထပ်ထိုးနေတယ်။ ထားဝယ်မြို့ပေါ်ကနေ သရက်ချောင်းမြို့နယ်ဘက်ကို အင်အား ၁၂၀ ကျော်နဲ့ ဒီနေ့လက်ရှိ စစ်ကြောင်းထိုးနေတာတွေရှိတယ်။ စစ်ကြောင်းက ရှမ်းမတွင်းရွာဘက်ကို ရောက်နေပြီ အဲ့စစ်ကြောင်းက ဒရုန်းနဲ့ ဗုံးကျဲတာတွေတော့ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article