ရန်ကုန်၊ မေ ၃၀
ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော် (AA) နှင့် ဆက်စပ်ထောက်ပံ့သည်ဟုဆိုကာ မတရားအသင်းပုဒ်မ ၁၇(၁) ဖြင့် မတရားထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသော ဦးမောင်မဲနှင့် ဦးကျော်လှအောင်တို့မှာ သတ်မှတ်ပြစ်ဒဏ် လွတ်ရက်စေ့မြောက်ပြီဖြစ်သော်လည်း စစ်တပ်က ပြန် လည်လွှတ်ပေးခြင်းမရှိဘဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ထပ်မံတရားစွဲဆိုကာ အကျဉ်းထောင်များ၌ ဆက် လက်ချုပ်နှောင်ထားကြောင်း မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၈ နှစ်အရွယ် ဦးမောင်မဲကို ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာလ ၂၄ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး၊ ရခိုင့်တပ်တော် (AA) ကို ထောက်ပံ့သည်ဟုဆိုကာ စစ်တွေမြို့နယ်တရားရုံးက မတရားအသင်းပုဒ်မ ၁၇(၁) ဖြင့် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။
ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရသော ဦးမောင်မဲသည် ယမန်နေ့ ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ရက်စေ့မြောက်ပြီဖြစ်သော်လည်း ကျောက်ဖြူမြို့နယ်မှ စစ်တပ်နှင့် အာဏာပိုင်များက အထက်အမိန့်အရဟုဆိုကာ လွှတ်မပေးဘဲ ပြန်လည်ဖမ်းဆီးခဲ့ပြီး ကျောက်ဖြူခရိုင်တရားရုံးတွင် အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အပြင် အခြားသောပုဒ်မများဖြင့် ထပ်မံတရားစွဲဆိုကာ ကျောက်ဖြူအကျဉ်းထောင်တွင် ဆက်လက်ဖမ်းဆီးထိန်း သိမ်းထားရှိကြောင်း သိရှိရသည်။
အလားတူ AA နှင့် ဆက်သွယ်သည်ဆိုကာ မတရားအသင်းပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရသည့် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်နေ ဦးကျော်လှအောင်သည် လွတ်ရက်စေ့သဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျောက်ဖြူမြို့အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော်လည်း ဂိတ်ဝတွင်ပင် ကျောက်ဖြူမြို့မရဲစခန်းမှ ပြန်လည်ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဦးကျော်လှအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အပြင် အခြားပုဒ်မ ၂ ခုဖြင့် တရားရုံးက ထောင်ဒဏ် ၁၀ နှစ်အထိ ဥပဒေမဲ့ထပ်မံတိုးမြှင့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ထောင်ဒဏ်များမှတ်ပြီးနောက် လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ ထင်ရာစိုင်း ဥပဒေ မဲ့လုပ်ရပ်များကြောင့် လက်ရှိအကျဉ်းထောင်အသီးသီးတွင် ပုဒ်မ ၁၇(၁) ဖြင့် မတရားထောင် ဒဏ်ကျခံနေရပြီး မကြာခင်လွက်ရက်စေ့တော့မည့် ရခိုင်ဒေသခံနိုင်ငံရေးအကျဉ်းသားများနှင့် မိသား စုဝင်များမှာလည်း အလားတူမတရားထပ်မံဖမ်းဆီးခံရမည့်အရေးကို အထူးစိုးရိမ်နေရသည်ဟု နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များက ပြောဆိုကြသည်။
ယခုကဲ့သို့ လွတ်ရက်စေ့သူများကို အာဏာအမျိုးမျိုးအသုံးချကာ အကွက်ကျကျထပ်မံဖမ်းဆီး ထောင် ဒဏ်ချမှတ်နေမှုများသည် စစ်တပ်၏ ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး ပြောဆိုချက်များအပေါ် ယုံကြည်မှုကင်းမဲ့စေကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များက ပြောဆိုကြသည်။




