27 C
Yangon

မောတောင်မြို့တွင် တော်လှန်ရေးတပ်များကို ကူညီသည်ဆိုသော အကြောင်းပြချက်ဖြင့် ပြည်သူများကို စစ်တပ်က လိုက်လံဖမ်းဆီးပြီး နေအိမ်များကို လိုက်လံချိတ်ပိတ်နေ

Must read

ရန်ကုန်၊ မေ ၃၀

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်မြို့တွင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို တော်လှန်ရေးတပ်များကို ကူညီခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် လိုက်လံဖမ်းဆီးပြီး နေအိမ်များကို လိုက်လံချိတ်ပိတ်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မေလ ၁၉ ရက်နေ့ မောတောင်မြို့အတွင်းသို့ အကြမ်းဖက်စစ်တပ်က ပြန်လည်ဝင်ရောက်လာပြီးနောက်၊ မောတောင်မြို့ရှိ အုပ်ချုပ်ရေးမှူးဟောင်း သက်ခိုင်၏ တပည့်အရင်းဖြစ်သူ အောင်ဆန်း ဦးဆောင်ကာ စစ်တပ်နှင့် ပူးပေါင်းကာ စစ်ရှောင်ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး နေအိမ်များကို ချိတ်ပိတ်ခဲ့ကြောင်း သိရှိရသည်။

မောတောင်မြို့မှ ဒေသသတင်းရင်းမြစ်က “အရင်တုန်းက မောတောင်မြို့ပေါ်က အုပ်ချုပ်ရေးမှူးဟောင်း သက်ခိုင်ရဲ့ တပည့်ရင်း အောင်ဆန်းဆိုတဲ့ ပျူစောထီး ဒလန်တစ်ယောက်က စစ်ကောင်စီတပ်တွေ မောတောင်ကို ဝင်လာပြီဆိုတာနဲ့ ရှေ့ဆုံးကနေ ပန်းကုံးတွေ သွားစွပ်တာပါ။ သူနဲ့အတူ နောက်ထပ် ကိုကျော်ဆိုတဲ့သူ ပူးပေါင်းပြီးတော့ မောတောင်မြို့ပေါ်မှာ မွှေနေတာ။ ကိုကျော်ကတော့ ကားဝပ်ရှော့ပိုင်ပြီး မောတောင်ထဲမှာရှိတဲ့ သဇင်လမ်းမှာ နေတယ်။ သူကလည်း အဲဒီလိုပဲ အရင်တုန်းက တော်လှန်ရေးအဖွဲ့တွေကို ကူညီသလိုလိုနဲ့ နေပြီးတော့ အခု စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားတယ်။ ရွာသားတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ တိရစ္ဆာန်တွေကို တောင်းတယ်၊ လုယူသွားပြီးတော့ စစ်တပ်ကို သွားပေးတယ်။ စစ်တပ်က ပြည်သူတွေကို ဖမ်းဆီးတာက အမျိုး သားရော အမျိုးသမီးတွေကိုပါ ဖမ်းဆီးတာပါ။ နေအိမ်များကိုလည်း လိုက်ချိတ်ပိတ်နေတယ်။ ပြည်သူတွေ ဖမ်းဆီးခံရပြီးတော့ ပြန်လွတ်လာတဲ့သူတွေလည်းရှိသလို၊ ပြန်မလွတ်လာသေးတဲ့သူတွေလည်း ရှိပါတယ်။ ပြည်သူတော်တော်များများက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ပြောဆိုသည်။

မေလဆန်းပိုင်းမှ စတင်ကာ မောတောင်မြို့ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း မေလ ၁၉ ရက်နေ့တွင် မောတောင်မြို့အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး လက်ရှိအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် မောတောင်မြို့မှ ဆုတ်ခွာပေးထားကြောင်း သိရှိရသည်။

လက်ရှိ စစ်တပ်က မောတောင်မြို့အတွင်း ဖမ်းဆီးမှုများ၊ ပြည်သူများ၏ နေအိမ်များကို ချိတ်ပိတ်မှုများနှင့် ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်မှုများ ဆက်လက် ကျူးလွန်နေသဖြင့် ဒေသပြည်သူများမှာ မြို့တွင်းသို့ ပြန်မဝင်ရဲသေးဘဲ ဆက်လက်တိမ်းရှောင်နေရကြောင်း၊ တိမ်းရှောင်နေရသော ပြည်သူအရေအတွက်မှာ ၃၀၀၀ ကျော်ရှိပြီး စားဝတ်နေရေးခက်ခဲနေ၍ စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရှီရသည်။

လတ်တလော စစ်ဘေးရှောင်ပြည်သူများမှာ ဂျလန်းကျွန်းကျောင်းနှင့် ကောသလရာမကျောင်းများတွင် စစ်ဘေးတိမ်းရှောင်နေကြောင်း၊ စစ်တပ်ကလည်း စစ်ဘေးရှောင်ပြည်သူများကို ဆက်တိုက် ဖမ်းဆီးစစ်ဆေးနေ၍ စစ်ဘေးရှောင်ပြည်သူများမှာ အသွားအလာပင် မလုပ်ရဲဖြစ်နေကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မောတောင်မြို့ကို ပြန်လည်ဝင်ရောက်လာစဉ် အမှတ် ၆ ဘုန်းကြီး ကျောင်းမှ သံဃာတော် ၁၀ အပါအဝင် မြို့ပေါ် ရပ်ကွက်များမှ ပြည်သူ ၂၀၀ ကျော်ကို စစ်ကြောင်းရှေ့တွင် လူသားဒိုင်း ပြုလုပ်ပြီး မြို့ပေါ်ကို အင်အား အရင်းဖြင့် ဝင်ရောက်ခဲ့ပြီး လူသားဒိုင်းပြုလုပ်ခဲ့သော ပြည်သူများကိုလည်း ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article