27 C
Yangon

AA နှင့် တော်လှန်ရေးတပ်များ၏ ထိုးစစ်ကို ခုခံရန် သာပေါင်းမြို့နယ် သောင်းတန်ကျေးရွာတွင် စစ် တပ်က အခိုင်အမာစစ်စခန်းဆောက်လုပ်နေပြီး ဒေသပြည်သူများကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေနေ

Must read

ရန်ကုန်၊ မေ ၃၀

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သောင်းတန်ကျေးရွာတွင် AA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်လာမည့်အရေးကို ခုခံနိုင်ရန်အတွက် စစ်တပ်က အခိုင်အမာစစ်စခန်းတစ်ခုကို လာရောက်ဆောက်လုပ်နေပြီး၊ ဒေသခံပြည်သူများကိုလည်း အတင်းအဓမ္မ ပေါ်တာဆွဲကာ လုပ်အားပေးခိုင်းစေနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၆ ရက်နေ့မှစတင်ကာ စစ်တပ်က သောင်းတန်ကျေးရွာအတွင်းသို့ အင်အားအလုံးအရင်းဖြင့် ရုတ်တရက်ဝင်ရောက်လာပြီး အခြေစိုက်စခန်းဆောက်လုပ်ရန် ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ စခန်းဆောက်လုပ်ရန်အတွက် ၎င်းတို့သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းများနှင့် ဗုံးများကို ကျေးရွာရှိ ပြည်သူပိုင်လှည်းများဖြင့် အတင်းအဓမ္မ သယ်ယူခိုင်းနေသည်။

စစ်တပ်က ကျေးရွာအတွင်း ဘန်ကာများ ဆောက်လုပ်ခြင်း၊ မြေကျင်းများ တူးခြင်းတို့ကို ဒေသပြည်သူများကို အတင်းအဓမ္မ လုပ်အားပေးခိုင်းစေရုံမက လက်နက်ဗုံးများကို လှည်းဖြင့်သယ်ခိုင်းကြောင်း၊ တချို့သော လှည်းများတွင် နွားမရှိလျှင် နွားနေရာတွင် လူများကိုယ်တိုင်ဝင်၍ လှည်းဆွဲခိုင်းကာ လက်နက်ခဲယမ်းများကို သယ်ယူခိုင်းနေကြောင်း၊ စစ်တပ်၏ ပေါ်တာဆွဲ ခိုင်းစေမှုများကြောင့် ဒေသ ပြည်သူများမှာ အလွန် ဒုက္ခရောက်နေကြရသည်ဟု သိရှိရသည်။

“သာပေါင်းမြို့နယ် သောင်တန်ကျေးရွာမှာ စစ်သားတွေ စခန်းလာလုပ်တာ။ အဲဒါ သူတို့ရဲ့ လက်နက်ဗုံးတွေကို လှည်းနဲ့ သယ်ခိုင်းတယ်။ နွားမရှိရင် လူကိုပဲ လှည်းထဲဝင်ပြီး အတင်းဆွဲခိုင်းနေတာ။ တော်တော်ကြီးကို စစ်တပ်က ရမ်းကား ခိုင်းစေနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် စစ်တပ်က သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများကို ငွေကြေးများ ကောက်ခံနေကြောင်း၊ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ တောင်းခံနေသော်လည်း ကျေးရွာမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အခု တစ်အိမ်ကို ၃ သောင်းအနည်းဆုံးပေးရတယ်။ စစ်မှုထမ်းကြေးဆိုပြီး။ ပေါ်တာဆွဲ ပြီး လူငယ်တွေလည်း စစ်ထဲသွင်းတယ်။ စစ်မှုထမ်းကြေးလည်း ပေးရတယ်။ ပေါ်တာလည်း အဆွဲခံရတယ်” ဟု သာပေါင်းမြို့နယ်မှ ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

ထို့အပြင် ပေါ်တာဆွဲဖမ်းဆီးမှုနှင့် စစ်မှုထမ်းကြေး ကောက်ခံရုံသာမက ကျေးရွာများအတွင်း စစ်မှုထမ်းရန်အတွက် မဲနှိုက်ရသည့်စနစ်ကို အသုံးပြုကြပြီး၊ မဲပေါက်သော်လည်း စစ်ထဲမလိုက်လိုသည့် လူငယ်များနှင့် မိသားစုများထံမှလည်း စစ်တပ်က ငွေကြေးအမြောက်အမြားကို မတရားတောင်းခံမှုများလည်းရှိကြောင်း သိရှိရသည်။

လက်ရှိတွင် AA နှင့် တော်လှန်ရေးတပ်များ၏ ထိုးစစ်ကို ခုခံရန်အတွက် သောင်းတန်ကျေးရွာတွင် အခြေစိုက်စစ်စခန်းဆောက်လုပ်နေသဖြင့် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ စစ်ယာဉ်တန်းတချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article