ရန်ကုန်၊ မေ ၃၀
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်အပေါ် ကန့်ကွက်ဆန္ဒပြရန် ပြင်ဆင်နေသည့် နယူးဒေလီမြို့ရောက် မြန်မာနိုင်ငံသားများကို အိန္ဒိယဒေလီရဲတပ်ဖွဲ့က ယမန်နေ့ လိုက်လံတားဆီးပိတ်ပင်မှုများ ပြုလုပ်ခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ရန် ပြင်ဆင်ခဲ့သူများထံမှ သိရှိရသည်။
မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အပေါ် နယူးဒေလီမြို့ရှိ ဂျန်တားမန်တား (Jantar Mantar) ဟု ခေါ်ဆိုသည့် ဆန္ဒပြဟစ်တိုင်နေရာတွင် ပြုလုပ်ရန် ရည်ရွယ်ထားကြခြင်း ဖြစ်ပြီး ဆန္ဒပြမည့်သူများ ဟစ်တိုင်နေရာသို့ မရောက်ရှိသေးဘဲ ကြိုတင်လူစုသည့်နေရာများ၌ ရှိနေစဉ်မှာပင် ဒေလီရဲတပ်ဖွဲ့က လိုက်လံတားဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဆန္ဒပြပွဲတွင် ပါဝင်ရန် ပြင်ဆင်ခဲ့သူတစ်ဦးက ဆန္ဒပြပွဲမှာ တရားဝင် ခွင့်ပြုချက် တင်ပြခဲ့သော်လည်း ရဲများက လိုက်လံတားဆီးခဲ့ကြောင်း၊ မြန်မာ ၂ ဦးကို ယာယီ ထိန်းသိမ်းခဲ့ပြီးနောက် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
ယနေ့ မေလ ၃၀ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်မှာ အိန္ဒိယနိုင်ငံ သို့ ရောက်ရှိသွားပြီဖြစ်ပြီး မင်းအောင်လှိုင်ခရီးစဉ် ပယ်ဖျက်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်း စုစုပေါင်း ၁၂၂ ဖွဲ့က ပူးပေါင်း၍ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီထံသို့ မေလ ၂၈ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားခဲ့ကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUGကလည်း မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်နှင့် ပတ်သက်၍ အထူးစိုးရိမ်ပူပန်မိကြောင်း၊မင်းအောင်လှိုင်ကို အိန္ဒိယက ဖိတ်ခေါ်မှုအပေါ် လက်မခံနိုင်ဘဲ ကန့်ကွက်ကြောင်း အိန္ဒိယအစိုးရထံသို့ သဝဏ်လွှာပေးပို့ခဲ့သည်။
ဓာတ်ပုံ- PVTV ။






