27 C
Yangon

ထိုင်းနိုင်ငံမှ ဖမ်းဆီး ပြန်ပို့လိုက်သော မြန်မာနိုင်ငံသား ၁၁၁ ဦးအနက်မှ အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်အကြား လူငယ်များကို စစ်မှုထမ်းခိုင်းရန် ကော့သောင်းအခြေစိုက် ခမရ ၂၆၂ တပ်ရင်းထဲတွင် ဖမ်းဆီးခေါ်ဆောင်ထား

Must read

ရန်ကုန်၊ မေ ၃၁

ထိုင်းနိုင်ငံတွင် တရားမဝင် ခိုးဝင်မှုအပါအဝင် ပြစ်မှုများဖြင့် ဖမ်းဆီး ပြန်ပို့လိုက်သော မြန်မာနိုင်ငံသား ၁၁၁ ဦးအနက်မှ အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်အကြား လူငယ်များကို ကော့သောင်းမြို့နယ်ထွေ/အုပ်နှင့် စစ်တပ်က စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း ကော့သောင်းမြို့နယ်တွင် နေရပ်ပြန် မြန်မာအလုပ်သမားများကို ကူညီနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့ ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီး ပြန်လွတ်လာသည့် မြန်မာနိုင်ငံသား ၁၁၁ ဦး ကော့သောင်းမြို့သို့ ထိုင်းအာဏာပိုင်များက ပြန်လည်ပို့ဆောင်ပြီး မြန်မာစစ်တပ်၊ ရဲနှင့် ထွေ/အုပ်များလက်ထဲသို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း၊ ယင်းသို့ လွှဲပြောင်းလိုက်ပြီးနောက် အဆိုပါ မြန်မာနိုင်ငံသားများကို စစ်တပ်၊ ရဲနှင့်ထွေ/အုပ်တို့က PSMS စစ်ဆေးရေးစနစ်ဖြင့် တစ်ဦးချင်း ရဲနှင့်ထွေ/အုပ်တို့က စိစစ်ကြောင်း၊ CDM နှင့် ပြစ်မှု မှတ်တမ်းရှိ၊ မရှိစစ်ဆေးပြီးနောက် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အကြား လူငယ်များကို ကော့သောင်းမြို့ အခြေစိုက် ခမရ ၂၆၂ တပ်ရင်းထဲတွင် ခေါ်ဆောင်ဖမ်းဆီးထားကြောင်း သိရှိရသည်။

“၂၉ ရက်နေ့က ပြန်ရောက်လာတဲ့လူတွေကို ထွေ/အုပ်၊ ရဲ၊ လ၀ကက PSMS စစ်ဆေးရေးစနစ်နဲ့ စစ်တယ်။ ပြစ်မှု မှတ်တမ်းရှိ၊ မရှိ စစ်တာ။ ပြီးတော့ ခမရ ၂၆၂ ထဲကို ခေါ်သွားတယ်။ လူငယ်တွေအကုန်ပဲ ခေါ်သွားတာ။ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ်တွေ ကို ခေါ်သွားတာ” ဟု ကော့သောင်းမြို့အခြေစိုက် နေရပ်ပြန် မြန်မာများကို ကူညီနေသော ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ထိုင်းနိုင်ငံက ဖမ်းဆီး ပြန်ပို့လိုက်သော မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့လွတ်မြောက်လာသူများဖြစ်ပြီး ထိုင်းနိုင်ငံ၊ ရနောင်းမြို လူဝင်မှုကြီးကြပ်ရေး ရဲစခန်းအချုပ်ဆောင်မှတစ်ဆင့် မြန်မာဘက်အခြမ်းသို့ ပြန်လည် လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်က ထိုင်းနိုင်ငံမှ ပြန်လည်ပို့ဆောင်သော မြန်မာနိုင်ငံသားများအနက်မှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းအဖြစ် အတင်းအကျပ် ဖမ်းဆီး ခေါ်ဆောင်မှုများရှိနေကြောင်းပေါ်တာဆွဲခံရပြီးနောက် တော်လှန်ရေးတပ်များထံတွင် အလင်းဝင်ရောက်ခဲ့သော စစ်မှုထမ်းတပ်သားများက ပြောဆိုကြသည်။

ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံသားများကို ဖမ်းဆီး၍ ပြန်လည်ပို့ဆောင်မှုများ လုပ်ဆောင်လျက်ရှိပြီး ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၆၅၇ ဦးကို စစ်အစိုးရထံ လွှဲပြောင်းခဲ့ပြီး ဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ၁၆၈ ဦး၊ ဖေဖော်ဝါရီလတွင် ၁၂၈ ဦး၊ မတ်လတွင် ၁၉၃ ဦး၊ ဧပြီလတွင် ၇၈ ဦးနှင့် မေလ ၁၃ ရက်တွင် ၉၀ ဦးကို ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထိုင်းနိုင်ငံမှ ပြန်လည် လွှဲပြောင်းခံရသော မြန်မာနိုင်ငံသားများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article