ရန်ကုန်၊ ဇွန် ၄
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်းသည် အာဆီယံအတွက် အမည်းစက်တစ်ခုဖြစ်နေပြီး ဘယ်သူမျှ မနိုင်သည့်စစ်ပွဲကို တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (José Ramos-Horta) ၏ ဝေဖန်ပြောဆိုချက်အပေါ် အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထပ်မံကန့်ကွက်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။
အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာက မေလ ၃၀ ရက်နေ့ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ရှန်ဂရီလာဆွေးနွေးပွဲ (Shangri-La Dialogue) အထူးမိန့်ခွန်းအတွင်း မြန်မာ့ပဋိပက္ခသည် အာဆီယံ၏ အောင်မြင်မှုမှတ်တမ်းများအပေါ် စွန်းထင်နေသည့် အမည်းစက်တစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
၎င်းက မြန်မာ့အရေးတွင် စစ်မြေပြင်၌ ဘယ်သူမျှ အနိုင်ရမည့်ပုံမပေါ်ဘဲ နှစ်ဖက်စလုံး အင်အားကုန်ခမ်းသွားအောင် တိုက်ခိုက်နေကြသည့် စစ်ပွဲဖြစ်နေသောကြောင့် တစ်နိုင်ငံလုံး၊ စီးပွားရေးနှင့် ပြည်သူ လူထုတစ်ရပ်လုံး ပျက်စီးနေရသည်ဟု သတိပေးခဲ့သည်။
ထို့ပြင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) သည် ခိုင်မာသည့်မူဝါဒတစ်ခုဖြစ်ပြီး၊ မြန်မာစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များနှင့် ဒီမိုကရေစီအတိုက်အခံများအားလုံး ကြိုတင်ကန့်သတ်ချက်မရှိဘဲ အတူတကွတွေ့ဆုံဆွေး နွေးကြရန် တိုက် တွန်းခဲ့သည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရန် အရှေ့တောင်အာရှဒေသတွင်းမှ ထင်ရှားကျော်ကြားသည့် ကြယ်လေးပွင့်အဆင့်ရှိ စစ်ဗိုလ်ချုပ်ကြီး (သို့မဟုတ်) အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးတစ်ဦးဦးက လမ်းညွှန်ကူညီပေးနိုင်ကြောင်းလည်း တီမောသမ္မတက အကြံပြုခဲ့သည်။
အရှေ့တီမောသမ္မတ၏ ပြောကြားချက်များနှင့် ပတ်သက်၍ မြန်မာစစ်တပ် လက်အောက်ခံ နိုင်ငံ ခြားရေးဝန်ကြီး ဌာနက ဇွန်လ ၃ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ကာ ပြင်းထန်စွာကန့်ကွက်ခဲ့သည်။
စစ်ကောင်စီဘက်က တီမောသမ္မတ၏ ပြောကြားချက်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး အာဆီယံပဋိညာဉ်ပါ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး၊ အချုပ် အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးမူများကို ဆန့်ကျင်နေကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံမိသားစုစိတ်ဓာတ်ကို ဆိုးရွားစွာထိခိုက်စေသည်ဟု ဆိုသည်။
စစ်တပ်၏ ထုတ်ပြန်ချက်တွင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အလွန်နက်နဲရှုပ်ထွေးပြီး အမျိုး သားပြန် လည်သင့်မြတ်ရေးကို မြန်မာဦးဆောင်သည့် ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်သာ ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။
ထို့ပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ၊ မရေးထိုးရသေးသည့်အဖွဲ့များနှင့် PDF အဖွဲ့ဝင်များကို ဥပဒေဘောင်အတွင်းဝင်ရောက်ကာ နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ဖိတ်ခေါ်ထားကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။
စစ်တပ်က တီမောသမ္မတ၏ ပြောဆိုချက်များနှင့် ဆန့်ကျင်ကာ မြန်မာနိုင်ငံ၏ နေရာဒေသအများစုတွင် တည်ငြိမ်အေးချမ်းလျက်ရှိပြီး၊ နယ်စပ်ဒေသအချို့တွင်သာ လုံခြုံရေးအကန့်အသတ်ရှိနေခြင်းဖြစ်ကြောင်းနှင့် မြေပြင်အခြေ အနေမှန်များကို မည်သူမဆို ကိုယ်တိုင်လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အရှေ့တီမောနိုင်ငံသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံမှုများရှိနေပြီး မြန်မာစစ်ဗိုလ်ချုပ်များကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုထားခြင်းကို လက်ခံထားသဖြင့် လက်ရှိတွင် စစ်ကောင်စီနှင့် သံတမန် ရေးအရ တင်းမာမှုများ ဖြစ်ပွားနေသည်။




