26 C
Yangon

အကြမ်းဖက်စစ်တပ်က မြစ်ခြေမြို့ပေါ်တွင် ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မြို့အဝင်လမ်းနှင့် မြို့ပေါ် နေရာအနှံ့တွင် စွန့်ပစ်ထား၊ လတ်တလော အလောင်း ၄၀ ကျော်တွေ့ရှိ

Must read

ရန်ကုန်၊ ဇွန် ၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်သို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို မြို့အဝင်လမ်းနှင့် မြို့ပေါ်နေရာအနှံ့အပြားတွင် စွန့်ပစ်ထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁၊ ညောင်ဦးအခြေစိုက် ခလရ-၄၁၅ နှင့် အောင်သာရွာမှ ပျူစောထီးများ ပူးပေါင်းထားသည့် အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းသည် မေလဆန်းပိုင်းကတည်းက မြစ်ခြေမြို့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ကြောင်းသည် လမ်းတောက်လျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင်၊ မေလနှောင်းပိုင်း မြစ်ခြေမြို့ပေါ်သို့ ရောက်ရှိလာချိန်တွင်လည်း နေအိမ်များနှင့် ဈေးဆိုင်ခန်းများကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့သည်။

မေလ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် စစ်တပ်က မြစ်ခြေမြို့ပေါ်ရှိ နေအိမ်များကို မီးရှို့ရာ၌ မိမိတို့နေအိမ်များ မီးလောင်နေသဖြင့် ဇောဖြင့် ဝင်ရောက်ငြိမ်းသတ်ရန် ကြိုးစားသည့် သာမန်အရပ်သားပြည်သူများကိုပါ စစ်တပ်က ထပ်မံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ မီးရှို့သတ်ဖြတ်ခံထားရပြီး ပုတ်ပွနေသည့် ပြည်သူ ၄၂ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိထားရသော်လည်း၊ ရုပ်အလောင်းအများစုမှာ မီးကျွမ်းနေပြီး ပုတ်ပွနေသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရန် ခက်ခဲနေသည်။

ထို့ပြင် မြစ်ခြေမြို့အဝင် တောင်ဘက်ခြမ်း ဆွဲကြီးရွာလမ်းပေါ်တွင် စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အ လောင်းများကို ပြည်သူများက တွေ့ရှိ၍ သွားရောက်ဆွဲယူရန် ကြိုးစားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က စစ်ကြောင်းထိုးရာလမ်းတလျှောက်တွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်သည့်အပြင် အမျိုးသမီးအချို့ကိုလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်မှုများ ကျူးလွန်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

တော်လှန်ရေး သတင်းရင်းမြစ်၏ အဆိုအရ သတ်ဖြတ်ခံရသည့် ပြည်သူအရေအတွက်မှာ ၄၀ ကျော်ထက်မနည်းရှိနေကြောင်း အတည်ပြုနိုင်ထားသော်လည်း မည်သူမည်ဝါများဖြစ်သည်ကို ခွဲခြားမရကြောင်း သိရှိရသည်။

စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် မြစ်ခြေမြို့မဈေးကြီးအပါအဝင် အနီးနားရှိ ကျေးရွာနှင့် ရပ်ကွက်ပေါင်း ၁၁ ခုထက်မနည်း မီးလောင်ကျွမ်းခဲ့ရပြီး နေအိမ် ၁၀၀၀ နီးပါး မီးလောင်ပြာကျခဲ့ရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ပခုက္ကူ-မြစ်ခြေ လမ်းပိုင်းအပါအဝင် ဒေသတခုလုံးကို စားသောက်ကုန် သယ်ယူခွင့် ဖြတ်လေးဖြတ်စနစ်ဖြင့် ပိတ်ဆို့ထားပြီး မြစ်ခြေမြို့ကို စီးနင်းခဲ့ခြင်းဖြစ်သည်။

စစ်တပ်က မြစ်ခြေမြို့ကို ဖျက်ဆီး မီးရှို့ရန် အောင်သာပျူစောထီးရွာမှ စစ်ကားများဖြင့် အင်အားနှင့် ခဲယမ်းများ ထပ်မံဖြည့်တင်းခဲ့ကြောင်း၊ လက်ရှိ အခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်သဖြင့် မြစ်ခြေမြို့မှ ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှု အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

အဆိုပါ အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြစ်ခြေမြို့ပေါ်နှင့် အနီးတဝိုက်ရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ပြည်သူ ၈ သောင်းခန့်မှာ အိုးအိမ်စွန့်ခွာကာ တောတောင်များထဲ၌ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေသဖြင့် စစ်ဘေးရှောင်ပြည်သူများမှာ စားနပ်ရိက္ခာ၊ မိုးကာများနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိပြီး ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် ဆိုးဝါးစွာ ကြုံတွေ့နေရကြောင်း သိရသည်။

(အကြမ်းဖက်စစ်တပ်က ပြည်သူများကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ထားသော ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article