26 C
Yangon

ရန်ကုန်တွင် ခါးပိုက်နှိုက်ဟုဆိုကာ ဘတ်စ်ကားပေါ်တက်၍ လူငယ်တချို့ ကို အုပ်စုဖွဲ့ ဖမ်းဆီး ပေါ်တာဆွဲ၊ ရန်ကုန်မြို့လယ်ခေါင်သို့ ပါဆယ်ပစ္စည်းသွားပို့သည့် Delivery အလုပ်သမား မောင်သက်နိုင်ဖြိုး အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေ

Must read

ရန်ကုန်၊ ဇွန် ၅

ရန်ကုန်မြို့တွင် ခါးပိုက်နှိုက်ဟုဆိုကာ ဘတ်စ်ကားပေါ်တက်၍ လူငယ်တချို့ ကို အုပ်စုဖွဲ့ ဖမ်းဆီး ပေါ်တာဆွဲမှုများ ဖြစ်လာနေကြောင်း ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်မှ အင်းစိန်သို့ အပြန်လမ်း စစ်တပ်ချည်မျှင်စက်ရုံရှေ့ အုတ် ကျင်းမှတ်တိုင်တွင် အောက်ဆိုက်ကားတချို့ ဆိုက်ကပ်လာစဉ် အငှားယာဉ် ပရိုဘောက် ကားဖြင့် လိုက်လာသော လူတစ်စုက လိုင်းကားကို ရပ်ခိုင်းကာ ခါးပိုက်နှိုက်ပါသည်ဟုဆိုကာ လူငယ် ၁ ဦးကို လိုင်းကားပေါ်မှ ဆွဲချ၍ ပရိုဘောက်အငှားယာဉ်နောက်ခန်းထဲသို့ အတင်းအကျပ် ထိုး ကြိတ်၍ တင်ဆောင်သွားကြောင်း သိရှိရသည်။

“ကောင်လေးက လက်ထဲမှာ ဂုန်နီအိတ်အထုပ်လေးနဲ့ဆွဲထားတယ်။ နွမ်းနွမ်းဖတ်ဖတ်လေးပဲ။ ဆောက်လုပ်ရေးအလုပ်သမားလေးထင်ပါတယ်။ အဲဒါကို ခါးပိုက် နှိုက်ဆိုပြီး ပရိုဘောက်နဲ့ လူအုပ်စုက လိုင်းကားကို ရပ်ခိုင်းပြီး တက်ဖမ်းတာ။ အဲဒီ ပရိုဘောက်က အဖြူရောင်၊ ကားမှန်မှာ မမြင်ရအောင် စတေကာတွေ အမည်းတွေ ပတ်ပတ်လည်ကပ်ထားတယ်။ ဘုရင့်နောင်၊ ကျိုက်၀ိုင်း၊ သမိုင်းလမ်းဆုံနဲ့ ၈ မိုင်ဘက်မှာ ပရိုဘောက် စတေကာ ကပ်ထားတဲ့ ကားနဲ့ လူငယ်တွေ ပေါ်တာလိုက်ဆွဲနေတာ ကြာပြီ။ မရမ်းကုန်း ၁ ရပ်ကွက် အုပ်ကြီး စိန်ဝင်းမြင့် တပည့် ပျူစောထီးအုပ်စုတွေလို့ သိထားတယ်။ ဇွန်လ ၃ ရက်နေ့ ညပိုင်း ခါးပိုက်နှိုက်ဆိုပြီး လိုင်းကားပေါ် တက်ဖမ်းသွားတဲ့ ကောင်လေးကလည်း ပေါ်တာဆွဲခံရတာ” ဟု အခင်းဖြစ်စဉ်ကို သေချာစွာ သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ဇွန်လ ၂ ရက်နေ့ ည ၈ နာရီအချိန် ရန်ကုန်မြို့ စိန်ဂျွန်းဘက်သို့ ပါဆယ်ပစ္စည်းသွားပို့သော Delivery အလုပ်သမား မောင်သက်နိုင်ဖြိုးမှာလည်း စက်ဘီးရော၊ လူရော ပျောက်ဆုံးသွားကြောင်း၊ ယနေ့ အချိန် ၄ ရက်ကြာပြီဖြစ်သော်လည်း တွေ့ရှိရခြင်းမရှိသေးဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မိသားစုဝင်များက ရန်ကုန်ခေတသ်စ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ရန်ကုန်မြို့ စိန်ဂျွန်းနားတဝိုက်မှာ အိမ်ကတူလေး Delivereyသွားပို့ရင်းပျောက်သွားတာ။ ပစ္စည်းတွေကော စက်ဘီးကော လူကော ပျောက်သွားတာပါ။ အခုအထိ အစအန အဆက်သွယ်မရသေးပါဘူး။ သက်ဆိုင်ရာပတ်ဝန်းကျင်နားရော၊ ရဲစခန်းအကုန်လိုက်စုံစမ်းပြီးပါပြီ” ဟု မိသားစုဝင်တစ်ဦးက ရှင်းပြသည်။

ပျောက်ဆုံးနေသော အသက် ၂၁ နှစ်အရွယ် မောင်သက်နိုင်ဖြိုးသည် ချောက်မြို့နယ်မှ ဖြစ်ပြီး ရန်ကုန်မြို့တွင် အလုပ်လုပ်လာနေသော ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့လယ်၊ စိန်ဂျွန်းပတ်ဝန်းကျင်၊ စံပြမှတ်တိုင်နှင့် ပန်းဆိုးတန်းသင်္ဘော ဆိပ်များတွင်လည်း လူငယ်များ မကြာ ခဏဆိုသလို ပေါ်တာဆွဲဖမ်းဆီးခံရမှုများရှိနေပြီး အထူးသဖြင့် ဆင်ခြေဖုံးများမှ ရန်ကုန်မြို့လယ်သို့ အလုပ်လုပ်လာရင်း အလုပ်ပြန်ကြသည့် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့ ၏ မိဘဆွေမျိုးများနှင့် ဒေသကင်းထောက်သတင်းရင်းမြစ်များထံမှ သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article