26 C
Yangon

မြိုင်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၂ ခုကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော် မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဇွန် ၅

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၂ ခုကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့အနီးရှိ စက်မှု ၂ မှ ထွက်လာသော အင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် ဝက်ပုတ်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၅၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ ဖျက်ဆီးပြီးနောက် စစ်ကြောင်းသည် စက်မှု ၂ သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အလားတူ ဇွန်လ ၁ ရက်နေ့ကလည်း ယင်းစစ်ကြောင်းသည် မြိုင်မြို့နယ်၊ ကုန်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်သားများသည် ကုန်းရွာကို ရောက်ရှိစဉ် ဒေသပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“မနေ့က ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းက ဝက်ပုတ်ရွာကို မီးရှို့သွားတာ နေအိမ် ၅၀ နီးပါးလောက် မီးလောင် ပြာကျသွားတယ်။ အဲစစ်ခွေး စစ်ကြောင်းက ကုန်းရွာကို ဇွန်လ ၁ ရက်နေ့က ထပ်ပြီးမီးရှို့တာကလည်း နေအိမ် ၂၄ လုံးလောက် မီးလောင်ပြာကျသွားတယ်။ နောက်ပြီး စစ်ခွေးတွေက ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်၊

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ဝက်ပုတ်ရွာသည် ဒေသတွင်း စစ်ဘေးစစ်ဒဏ် ဆိုးဝါးစွာခံစားခဲ့ရသည့် ကျေးရွာတစ်ခုဖြစ်ပြီး စစ်တပ်က ၄ ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးထားကြောင်း၊ ထိုကျေးရွာသည် စစ်တပ် အာဏာသိမ်းပြီးနောက် ပျူစောထီးကျေးရွာအဖြစ် တည်ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် တော်လှန်ရေးတပ်များက ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဇွန်လ ၁ ရက်နေ့ကလည်း မြိုင်မြို့နယ်၊ လက်ယက်မရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မုံရွာမြို့ နမခမှ တက်လာသည့် အသေခံဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article