26 C
Yangon

စစ်ကိုင်းမြို့ပေါ် လဝကရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၀ ဦးဝန်းကျင် ဒဏ်ရာရ၊ ဗုံးပေါက်ကွဲသော လ၀ကရုံးမှာ စစ်တပ်နှင့်ပျူစောထီးများက နှစ်ရှည်လများစွာ လုံခြုံရေးယူထားသည့်နေရာဖြစ်

Must read

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် လဝကရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိကြောင်း စစ်ကိုင်းမြို့အခြေစိုက် ပရဟိတအဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းမြို့နယ် လ၀ကရုံး ဝင်ပေါက်ဘေးတွင် ဗုံးစတင်ပေါက် ကွဲခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် လ၀ကရုံးမှ ဝန်ထမ်းတချို့နှင့် ပြည်သူ တချို့ စုစုပေါင်း ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိသွားကြောင်း၊ သေဆုံးသူမရှိကြောင်း သိရှိရသည်။

“ဖြစ်တာက ရုံးဝင်ပေါက်ဘေးမှာ ဗုံးကွဲတာ။ ဝန်ထမ်းတွေနဲ့ လူတွေ ဒဏ်ရာရတာရှိတယ်။ ဗုံးပေါက်တဲ့နေရာက UDI ကတ်နဲ့ မှတ်ပုံတင်တွေ စိစစ်ဖောင်တင်တဲ့နေရာပါ။ ဒရုန်း ဗုံးကျတာမဟုတ်ဘူး” ဟု လူနာများကို ဆေးရုံတင်ပို့ခဲ့သော ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်ကိုင်းမြို့ လ၀ကရုံးမှာ စစ်တပ်နှင့်ပျူစောထီးများက လုံခြုံရေးယူထားကြောင်း၊ ပြင်ပမှ ဗုံးလာထောင်ရန် မဖြစ်နိုင်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“လ၀ကရုံးမှာက တပ်နဲ့ ပြည်သူ့စစ်တွေ ရှိတယ်။ အပြင်ကတော့ ဗုံးလာထောင်ဖို့ဆိုတာ မလွယ်ဘူး။ စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာရုံးတိုင်းမှာ တပ်ရော ပြည်သူ့စစ်နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ တွေအကုန် လုံခြုံရေးယူထားတာပါ” ဟု စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်ရပ်ကွက်တွင်နေထိုင်သော ရပ်မိ ရပ်ဖတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းမြို့သည် စစ်တပ်က လုံခြုံရေးအထူး တင်းကျပ်ထားသော မြို့ဖြစ်ပြီး တပ်မ ၃၃ က စစ်ကိုင်းမြို့တစ်ခုလုံးနှင့် ဌာနဆိုင်ရာရုံးများ၏ လုံခြုံရေးကို အထူးတာဝန်ယူထားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article