ရန်ကုန်၊ ဇွန် ၁၃
အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ၂၀၂၅ ခုနှစ်အတွင်း စစ်မှုထမ်းတပ်သား ၆၀၀၀၀ ကျော်ကို စုဆောင်းရရှိခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာ နှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ -MDSI မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
အာဏာသိမ်းစစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင်အသက်သွင်းပြီးနောက် ၂ နှစ်ကျော် အတွင်း စစ်မှုထမ်းအမှတ်စဥ် ၂၅ ခု ဖွင့်လှစ်ထားပြီး အပတ်စဥ် ၂၃ ထိ သင်တန်းဆင်းပေးထားပြီး အဆိုပါ စစ်မှုထမ်းတပ်သားများကို အခြေပြု၍ အင်အားအများအပြားဖြင့် နိုင်ငံအဝှမ်း တန်ပြန်ထိုးစစ် များကို ဖော်ဆောင်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဖော်ဆောင်လာမှုကြောင့် အကျိုးသက်ရောက်နေမှုကို ခြုံငုံဆန်းစစ်ကြည့်ပါက စစ်မှုထမ်းဥပဒေကို အသုံးချကာ ပြည်သူအချင်းချင်း ပြန်လည်ထိပ်တိုက်ရင်ဆိုင်စေသော စစ်နည်းဗျူဟာဖြင့် အာဏာသိမ်း ဗိုလ်ချုပ်ကြီးများကို အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း ထောက်ပြထားသည်။
ပြည့်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်လစဥ်ပျမ်းမျှ စစ်မှုထမ်းတပ်သား ၄၇၀၀၊အခြေခံတပ် သားသစ် ခန့်မှန်း ၄၀၀ ဝန်းကျင်ဖြင့် ၂၀၂၅ တနှစ်တာအတွင်း စစ်မှုထမ်းတပ်သား ၆၀၀၀၀ ကျော်ကို စုဆောင်းရရှိခဲ့ကြောင်း သိရှိရသည်။
“အမှန်က စစ်မှုထမ်း ဥပဒေနဲ့ စုဆောင်းလာတဲ့ သူတွေထဲက အချို့ကို သန္ဓေအဖြစ် ခွဲထုတ်ပြီး အခြေ ခံတပ်သားသစ် သင်တန်းစာရင်း ပြောင်းထည့်တာမျိုးပါ။ တစ်လ တစ်လကို အခြေခံတပ်သားသစ် ၄၀၀ ကနေ ၅၀၀ ကြားရှိမယ်လို့ ခန့်မှန်းရပါတယ်” ဟု မြန်မာ့စစ်ဘက်ရေးရာ နှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ -MDSI မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြော ကြားသည်။
အဆိုပါ တပ်သားသစ်အရေအတွက်သည် စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၀ ခုနှစ် စုဆောင်း အင် အားထက် ၆ ဆအထိ မြင့်တက်လာသည်ကို ဖြစ်ကြောင်း တွေ့ရှိရပြီး လေ့လာစောင့်ကြည့်မှု မှတ် တမ်းများ အရ လက်ရှိ ခြေလျင်တိုက် ခိုက်ရေးတပ်များ၏ စစ်ထွက်အင်အား ၈၅ ရာခိုင်နှုန်းသည် ပြည်သူ့စစ်မှုထမ်းတပ်သားများ ဖြစ်ကြောင်း သိရှိရသည်။
အာဏာသိမ်းမှု မတိုင်ခင် စစ်တပ်၏ နှစ်စဥ် လူသစ်စုဆောင်းရရှိမှုကို လေ့လာကြည့်ပါက ၁၉၉၅-၂၀၀၀ ခုနှစ်ကာလ နှစ်စဥ် ၃၀၀၀၀ ၊ ၂၀၀၅-၂၀၁၀ ကာလ နှစ်စဥ် ပျမ်းမျှ ၂၅၀၀၀ ဝန်းကျင် ရှိခဲ့ ကြောင်း၊ ၂၀၁၀ နောက်ပိုင်းတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲလာမှုနှင့်အတူ နိုင်ငံစီးပွားရေး တည်ငြိမ် တိုးတက်လာတာကြောင့် စစ်တပ်အတွင်း ဝင်ရောက်သူ တဖြည်းဖြည်း နည်းပါးသွားပြီး တနှစ်တာ စုဆောင်း အင်အား ၁၅၀၀၀ အောက်ထိ လျော့ကျသွားခဲ့ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း နှစ်စဥ် ပြုန်းတီးအင်အား ၅ မျိုးဖြစ်သည့် တပ်ပြေး၊ ထုတ်ပယ်၊ ထွက်ခွင့်၊ ကျဆုံး၊ သေဆုံး အရေအတွက်သည် ပျမ်းမျှ ၁၂၀၀၀ ကျော်ရှိသဖြင့် ၂၀၁၅ နောက်ပိုင်းတွင် ပြုန်းတီးအင်အား က စုရအင်အားထက် ပိုများလာသည့် အနေအထားထိ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။
၂၀၁၁ နောက်ပိုင်း စစ်တပ်အတွင်းသို့ ဝင်ရောက်လိုသူ အလွန်နည်းပါးလာသဖြင့် အောက်ခြေတပ် ရင်း/ တပ်ဖွဲ့များတွင် လူအရောင်းအဝယ်များ၊ ငွေကြေးဖြင့် စည်းရုံးစုဆောင်းရမှုများ ပိုမိုကျယ်ပြန့် လာခဲ့ကြောင်း၊ ထိုသို့ နည်းလမ်းမျိုးစုံဖြင့် အောက်ခြေတပ်များကို ဖိအားပေးစုဆောင်းစေသော်လည်း ၂၀၁၇ နောက်ပိုင်းမှစ၍ တနှစ်တာစုရအင်အားသည် ၁၀၀၀၀ ဝန်းကျင်ခန့်ထိ လျော့ကျသွားခဲ့ ကြောင်း သိရသည်။




