ရန်ကုန်၊ ဇွန် ၁၃
မကွေးအကျဉ်းထောင်တွင် ထောင်ပိုင်ကြီး ဝင်းနိုင်၊ ထောင်ပိုင်လေး အောင်မြင့်သန်းကြည်တို့ ဦး ဆောင် ကာ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများ၏အခွင့်အရေးများကို ချိုးဖောက် နေပြီး အခွင့်အရေးများ တောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသား ၄၂ ဦးကိုလည်း တိုက် ပိတ်အရေးယူထားကြောင်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး က ဇွန်လ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန် သည်။
အာဏာသိမ်း စစ်ကောင်စီ၏ ဖိနှိပ်ရေး ထောက်တိုင်တစ်ခုဖြစ်သော မကွေးမြို့နယ်ရှိ မကွေးအကျဉ်း ထောင်တွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်း သားများအားလုံးတွင် ပိုင်ဆိုင်သော ခြုံစောင်များ၊ အဝတ်အစားများ၊ အသုံးအဆောင်ပစ္စည်းများ နှင့် စားသောက်ဖွယ်ရာများကို ထောင်ပိုင်ကြီး ဝင်းနိုင်၊ ထောင်ပိုင်လေး အောင်မြင့်သန်းကြည် တို့ ဦး ဆောင်သော ထောင်အာဏာပိုင်များက မတရားသိမ်းယူသွားပြီး အကျဉ်းသားများအား အောက်ကြမ်း ပြင်တွင် အခင်းမပါမရှိဘဲ သံမံတလင်းပေါ်၌သာ နေထိုင်စေခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် သောက်သုံးရေကိုလည်း လုံလောက်စွဲ အသုံးမပြုရဘဲ ၁ ရက်လုံးတွင် ထမင်းစားပြီးချိန်၌ အကျဉ်းသားတစ်ဦးလျှင် ရေ ၁ ခွက်မျှသာ သောက်သုံးခွင့်ပေးကြောင်း၊ ပုံစံခဏခဏ ထိုင်ခိုင်းကာ မင်းတို့ကို ရို၊က်သတ်လို့ရသည်ဟု ခြိမ်းခြောက်ပြောဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာများကို နှိပ်စက်ညှင်းပန်းလျက်ရှိသဖြင့် ဖိနှိပ်မှုများကို ရပ်တန့် ရန် တင်ပြတောင်းဆိုသော မတရားဖမ်းဆီး ထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသား ရဲဘော် ၄၂ ဦး အား ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ခြင်း၊ ပါဆယ်ပို့ခွင့်မပေးခြင်းတို့အပြင် တိုက်ပိတ် ထားကြောင်း သိရှိရ သည်။
တိုက်ပိတ်ခံထားရသူများထဲမှ နိုင်ငံရေးအကျဉ်းသား ရဲဘော် ၁၂ ဦးမှာ ပြင်းထန်ဒဏ်ရာရသည်အထိ ရို၊က်နှက်နှိပ်စက်မှုများပြုလုပ်ခံထားရပြီး အသက်အန္တရာယ်စိုးရိမ်နေရသည့်အခြေအနေရှိနေကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ မကွေးအကျဉ်းထောင်အာဏာပိုင်များအနေဖြင့် အ၊ကြမ်းဖက် ဖိနှိပ်ရက် စက်မှုများ ရပ်တန့်ရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်း သားများအားလုံးအား လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာတို့နှင့်အညီ ထားရှိရန် နွေဦး နိုင်ငံရေးအကျဉ်းသား များ အစည်းအရုံးက တောင်းဆိုထားသည်။
မတရားဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရယုံမျှမကဘဲ အကျဉ်းသားတစ်ဦး၏လူ့ဂုဏ်သိက္ခာနှင့်အညီ အ သက်ရှင်သန်နေထိုင်ပိုင်ခွင့်ကိုပါ အတင်းအဓမ္မ ဓါးပြတိုက် လုယူခြင်းသည် ထောင်အာဏာပိုင်တို့၏ လူမဆန်သော လုပ်ရပ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မတရားဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသား များအား ဖိနှိပ် နှိပ်စက်ခြင်းအား ပါဝင်ဆောင်ရွက်ကျူးလွန်သူ ထောင်ဝန်ထမ်းများမှ အစပြု၍ ထောင်ပိုင် ဝင်းနိုင်၊ ထောင်ပိုင်လေး အောင်မြင့်သန်းကြည်တို့အပါအဝင် အာဏာသိမ်း စ၊စ်ကောင်စီ အဖွဲ့ဝင်များ အားလုံးတို့သည် အပြည့်အဝ တာဝန်ယူရမည်ဖြစ်ပြီး ၎င်းတို့နှင့် ထိုက်တန် သော ပြစ် ဒဏ်များ ချမှတ်နိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
ပြည်သူများ၊ တော်၊လှန်ရေး အဖွဲ့အစည်းများ နှင့် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းများ အနေဖြင့်လည်း မတရားဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများ၏အရေးအား မေ့ ပျောက်ထားခြင်းမရှိဘဲ အမြဲမပြတ်စုံစမ်းကာ တတ်နိုင်သည့်ဖက်မှနေ၍ ပါဝင်ကူညီ ဆောင်ရွက်ပေး ကြပါရန် မေတ္တာရပ်ခံထားသည်။




