25.7 C
Yangon

မြိုင်မြို့နယ်အတွင်း ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး လေကြောင်းဖြင့်လည်း ၂ ရက်ဆက် ဗုံးကျဲတိုက်ခိုက်နေ၊ ကနီတွင်လည်း စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၁၇

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး လေကြောင်းဖြင့်လည်း ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့မှ စတင်ပြီး ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် မွှေနှောက်နေခြင်းဖြစ်ပြီး ကျေးရွာ ၁၀ ခုကျော်မှ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် မြိုင်မြို့နယ်အတွင်းတွင်လည်း လက်ရှိချိန်ထိ လင်းကတောရွာထဲ၌ တပ်စွဲထားသော စစ်ကြောင်းနှင့် တွင်းမပျူစောထီး စခန်းမှ ထွက်လာသော စစ်ကြောင်း တို့ရှိနေကြောင်း၊ တွင်းမရွာမှ ထွက်လာသော စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် မြဇီးတောရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

မြိုင်မြို့နယ် အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က ယမန်နေ့တွင် မကျည်းကန်ရွာနှင့် တောရွာအနီးတို့ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း၊ အလားတူ ယနေ့ နံနက် ၁၁ နာရီကျော်ခန့်တွင်လည်း မြိုင်မြို့နယ်တောင်ပိုင်း ကျေးရွာများကို စစ်တပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားပြီး ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“အခုမြိုင်မြို့နယ်ထဲမှာကော စစ်ကြောင်းရှိတယ်။ နောက်ပြီး မြိုင်နဲ့ ပခုက္ကူမြို့နယ် အစပ်မှာကော စစ်ကြောင်းတွေရှိနေတယ်။ အခြေအနေက အရမ်းရှုပ်ထွေးပြီး လေကြောင်း တိုက်ခိုက်တာလည်း ၂ ရက်ဆက် ရှိနေပြီး ပြည်သူတွေလည်း ရွာလုံးကျွတ်တွေ ထွက်ပြေးတိမ်းရှောင်နေရတော့ အခြေအနေက အသေးစိတ်တွေမသိရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ထပ်မံ မီးရှို့ဖျက်ဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ကနီမြို့နယ်အတွင် အကြမ်းဖက် စစ်တပ်က ရက်ပေါင်း ၄၀ ကျော်ကြာ စစ်ကြောင်းထိုးနေပြီး ရှမ်းမြောင်းရွာမှ လူနေအိမ်နှင့်နွားတဲ ၂၀ လုံးခန့်၊ တဇယ်ချောင်ရွာမှ လူနေအိမ် ၃ လုံး၊ ညောင်ပင်ဝန်းရွာမှ လူနေအိမ် ကြက်ခြံနှင့် နွားတဲ ၂၀ လုံးခန့်၊ လင်ပုန်းရည်ရွာ လူနေအိမ်နှင့်နွားတဲ ၂ လုံး၊ ယာကြီး-ကလေးဝ လမ်းပိုင် မိုင် ၃၀ မှ လူနေအိမ်နှင့်စျေးဆိုင် ၄ လုံးတို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ဧပြီလကုန်ပိုင်းမှ စတင်၍ ရေလယ်ကျွန်းပျူစောထီးစခန်း၊ ချောင်းမရွာနှင့် ချောင်းမ-ကနီ လမ်းပိုင်းများကို ဆက်တိုက် စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီး ကျေးရွာများကိုလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် တိုက်ခိုက်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

ယင်းသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများကို ဆက်တိုက် တိုက်ခိုက်နေခြင်းကြောင့် ရွာပေါင်း ၃၀ ကျော်မှ ပြည်သူ ၃ သောင်းကျော်သည် ၁ လကျော်ကြာ စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို စစ်ကြောင်းထိုးစဉ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးကာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်က ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ နေအိမ် ၂၀ ခန့်နှင့် စစ်ရှောင်တဲ ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရှိရသည်။

“မေလပိုင်းတည်းက စပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ခွေးတွေက အခုထိ ကနီမြို့နယ်ထဲမှာရှိနေသေးတာပါ။ အဲ့စစ်ခွေးစစ်ကြောင် မီးရှို့လို့ ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်များနိုင်ပါတယ်။ အခုစာရင်းက အတည်ပြုနိုင်တဲ့ စာရင်းပဲရှိသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ကနီမြို့နယ်အတွင်း စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ပြည်သူပိုင် နေအိမ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article