25.7 C
Yangon

မင်းကွန်းဒေသတွင် စစ်တပ်က ဘုရားလာဖူးသည့် ပြည်သူများထံမှ ငွေကြေးသိန်းချီ သေနတ်ပြ ခြိမ်းခြောက် တောင်းခံနေ၊ နတ်တလင်းတွင်လည်း စစ်တပ်အရာရှိ ဆွေမျိုးများက လောင်းကစားဝိုင်းများပြုလုပ်ပြီး စီးပွားရှာနေ

Must read

ရန်ကုန်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီးရှိ မင်းကွန်းဒေသတွင် အကြမ်းဖက် စစ်တပ်က ဘုရားလာဖူးသည့် ပြည်သူများထံမှ ငွေကြေးသိန်းချီ သေနတ်ပြ ခြိမ်းခြောက် တောင်းခံနေကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မင်းကွန်းဒေသတွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသည်မှာ နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်ပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသော်လည်း စစ်တပ်က ဂိတ်စခန်းဖွင့်၍ ခရီးသွားကားများကို သွားလာခွင့်ပေးကာ ငွေကျပ် သိန်းချီ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကောက်ခံရာတွင် ကား ၁ စီးလျှင် ငွေကျပ် ၁ သိန်းနှုန်း တောင်းခံပြီး ငွေကျပ် သောင်းဂဏန်းသာ ထုတ်ပေးသော ခရီးသွားပြည်သူများကို ဆဲဆိုခြင်း၊ လက်နက်ပြ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ကာ ၎င်းတို့ ကောက်ခံသော ငွေကြေး မပေးဆောင်ပါက သွားလာခွင့်မပေးကြောင်း သိရှိရသည်။

“ကျနော်တို့က မင်းကွန်းဘက်က မြသိန်းတန်ကိုသွားတာ လမ်းမှာ စစ်ခွေးနဲ့ ပျူစောထီးတွေ ဖွင့်ထားတဲ့ ဂိတ်ကို ဖြတ်ရပါတယ်။ ဒီနေရာက နယ်မြေမတည်ငြိမ်ဘူး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တယ်လို့ပြောတယ်။ ပြီးတော့ လက်ဖက်ရည်ဖိုးပေးရမယ်ဆိုပြီး ပေါ်တင်တောင်းပါတယ်။ ၅ သောင်း ထုတ်ပေးတာကို သေနတ်ကိုင်ထားတဲ့ စစ်ခွေးက ၅ သောင်းဆီဖိုးတောင်မရှိဘူးဆိုပြီး ပြောဆိုကျိန်းမောင်းပါတယ်။ အဲတာနဲ့ ၁ သိန်းထုတ်ပေးလိုက်ရတယ်” ဟု ခရီးသွားပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မင်းကွန်းဒေသရှိ စေတီပုထိုးများတွင်လည်း စစ်တပ်နှင့် ပျူစောထီးများ၏ မိသားစုဝင်များက ခရီးသွားပြည်သူများကို အတင်းအဓမ္မ ဈေးရောင်းချခြင်း၊ ငွေကြေး လိုက်လံ တောင်းခံခြင်းများ လုပ်ဆောင်ကြောင်း၊ ခရီးသွားများက ငွေကြေး အနည်းငယ်သာ ထုတ်ပေးပါက စစ်တပ်ယူနီဖောင်း ဝတ်ဆင်ထားသော လက်နက်ကိုင် ပျူစောထီးများက သေနတ်ပြ ခြိမ်းခြောက်ပြီး ငွေကျပ် သိန်းချီ တောင်းခံကြောင်း သိရသည်။

“မင်းကွန်းထဲ စေတီပုထိုးတွေမှာ စျေးရောင်းတဲ့လူတွေက ပျူစောထီး မိန်းမတွေ အတင်းလိုက်ပြီး မရမက ပိုက်ဆံတွေလည်း တောင်းတယ်။ ကင်မရာရိုက်ပေးမယ်ဆိုပြီး မခွာတမ်းကပ်ပြောနေလို့ မရိုက်ချင်လည်းကြောက်လို့ ရိုက်ခဲ့ရတယ်။ ပုထိုးတော်ကြီးအနောက်ဘက်မှာ ဓာတ်ပုံ ရိုက်တာ မုန့်ဖိုး ၂ သောင်းထုတ်ပေးတာ မယူဘဲနဲ့ လက်နက်ကိုင်ထားတဲ့ ပြည်သူ့စစ် တံဆိပ်ပါတဲ့ ခွေး ၂ ကောင်ကို သွားခေါ်လာပြီး ခင်ဗျားတို့က ဘယ်သူခွင့်ပြုလို့ လာတာတုန်း ဘယ်ကလဲဘာလဲ သေနတ်ကြီးချိန်ပြီးပြောလို့ ၁ သိန်းကျော် ထုတ်ပေးလိုက်ရတယ်။ အခြေအနေက တော်တော်လေးကို စိုးနေပါတယ်။ နောက်လူတွေ မလာကြဖို့ ပြောချင်ပါတယ်” ဟုခရီးသွားပြည်သူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့တွင်လည်း စစ်တပ်အရာရှိ ဆွေမျိုးများက လောင်းကစားဝိုင်းများပြုလုပ်ပြီး စီးပွားရှာနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

တာပွန်မြို့အပိုင် ရဲစခန်းနယ်မြေတွင် စစ်ဗိုလ်တစ်ဦး၏ မိခင်ဖြစ်သူ အေးသန်းနှင့် သာယာကုန်းရွာမှ ကိုစံဖဲ တို့ဦးဆောင်ပြီး ကြက်ဝိုင်း၊ လေးကောင်ဂျင်ဝိုင်းနှင့် ဖဲဝိုင်းများကို နေ့စဉ် ဖွင့်လှစ်နေပြီး စီးပွားရှာနေကြောင်း၊ အနီးပတ်ဝန်းကျင်မှ ပြည်သူများက တာပွန်မြို့ရဲစခန်းကို သွားရောက် တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း သိရသည်။

“လောင်းကစားဝိုင်းတွေက နေ့တိုင်းနီးပါး ပြုလုပ်နေတာ တိုင်းအပိုင်၊ ခရိုင်အပိုင်၊ နယ်မြေခံအပိုင် တာဝန်ရှိသူတွေ ကိုယ်တိုင် ခွင့်ပြုပေးနေတော့ ဘယ်သူမှလည်း မဖမ်းရဲဘူး။ ရဲစခန်းကို သွားတိုင်လဲ ဘာမှ မလုပ်ဘူး။ တနေကုန် ဆူညံနေတာပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article