ရန်ကုန်၊ ဇွန် ၁၈
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လွိုင်ကော်အကျဉ်းထောင်တွင် အကျဉ်းထောင်တာဝန်ရှိသူအချို့က နိုင်ငံရေးအကျဉ်းသားများအပေါ် ငွေကြေးအဓမ္မကောက်ခံခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အဓမ္မလုပ်အားခိုင်းစေခြင်းနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောကြားသည်။
PPNM ၏ အဆိုအရ လွိုင်ကော်အကျဉ်းထောင်မှ လက်ထောက်ကြီးကြပ်ရေးမှူး သက်ခိုင်သည် ထောင်သို့ ပြန်လည်တာဝန်ထမ်းဆောင်လာပြီးနောက်ပိုင်း အကျဉ်းသားများအပေါ် ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုများ ပိုမိုဆိုးရွားလာကြောင်း သိရသည်။
သက်ခိုင်သည် ငွေကြေးပေးဆောင်နိုင်သည့် အကျဉ်းသားများနှင့် မပေးဆောင်နိုင်သည့် အကျဉ်းသားများကို ခွဲခြားဆက်ဆံလေ့ရှိပြီး ငွေမပေးနိုင်သူများအား ဆဲဆိုကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်နေကြောင်း PPNM က ဆိုသည်။ ထို့ပြင် ထောင်တွင်းလိုအပ်ချက်အမျိုးမျိုးကို အကြောင်းပြကာ အကျဉ်းသားများထံမှ ငွေကြေးများ အတင်းအဓမ္မ ကောက်ခံမှုများလည်း ရှိနေကြောင်း သိရသည်။
အလားတူ အကျဉ်းဦးစီးဌာနမှ ဒုတပ်ကြပ် ဟန်ထွန်းအောင်သည် နိုင်ငံရေးအကျဉ်းသားများအတွက် မိသားစုဝင်များက ပေးပို့သည့် ထောင်ဝင်စာငွေများကို ကာယကံရှင်များထံ အပြည့်အဝ မပေးအပ်ဘဲ ဖြတ်တောက်ရယူမှုများ ရှိနေကြောင်း PPNM က ထုတ်ပြန်ထားသည်။
ထို့ပြင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို အဓမ္မလုပ်အားခိုင်းစေလျက်ရှိပြီး ပိုမိုသက်သာသည့် အလုပ်များသို့ ပြောင်းရွှေ့လုပ်ကိုင်လိုပါက ငွေကျပ် ၅ သိန်းခန့်အထိ ပေးဆောင်ရန် တောင်းခံမှုများ ရှိကြောင်း သိရသည်။
ငွေကြေးပေးဆောင်နိုင်ခြင်း မရှိသည့် အကျဉ်းသားများမှာ ခိုင်းစေသည့် အလုပ်များကို အပြည့်အဝ လုပ်ကိုင်ရသည့်အပြင် အိပ်ဆောင်များအတွင်း ကောင်းမွန်သည့် နေရာများတွင် နေထိုင်ခွင့်မရဘဲ ကြမ်းပြင်နေရာများတွင်သာ အိပ်စက်နေထိုင်ရကြောင်း PPNM က ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက အဆိုပါ လုပ်ရပ်များသည် အကျဉ်းသားများ၏ အခြေခံအခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။
“လွိုင်ကော်အကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ငွေကြေးအဓမ္မကောက်ခံတာ၊ ခွဲခြားဆက်ဆံတာ၊ အဓမ္မအလုပ်ခိုင်းစေတာ၊ ဆဲဆိုရိုက်နှက်တာတွေက အကျဉ်းသားအခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ပြင်းထန်စွာ ချိုးဖောက်တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်” ဟု မရောင်နီလင်းက ပြောသည်။
၎င်းက ဆက်လက်၍ “လူသားတစ်ဦးအနေနဲ့ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေကို ခံစားခွင့်ရှိရပါမယ်။ ဒါကြောင့် အခုလို ငွေညှစ်တာ၊ ဖိနှိပ်တာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေကို တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျ စုံစမ်းဖော်ထုတ်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုရှိစွာ အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်” ဟု ပြောဆိုသည်။
PPNM ၏ အဆိုအရ လွိုင်ကော်အကျဉ်းထောင်အတွင်း ဖြစ်ပေါ်နေသည့် ငွေညှစ်မှုများ၊ ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များအကြား မကျေနပ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အနေဖြင့် နိုင်ငံရေးအကျဉ်းသားများအပေါ် အာဏာပြငွေညှစ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ထောင်တွင်းအခြေအနေများကို ဆက်လက်စောင့်ကြည့်ကာ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်




