ရန်ကုန်၊ ဇွန် ၂၈
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် အခြေစိုက်လှုပ်ရှားနေသော စစ်ကောင်စီ၏ ခလရ ၁၉ တပ်ရင်းမှူး ဗိုလ်မှူး ကျော်မင်းသန်းကို လုပ်ကြံသတ်ဖြတ်ပြီးနောက် စစ်မှု ထမ်းတပ်သားတစ်ဦးက လက်နက်နှင့်အတူ KNU တပ်မဟာ ၅ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း Force for Federal Democracy – FFD တပ်ဖွဲ့မှ ဒုတာဝန်ခံ ကိုအောင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
ဇွန်လ ၂၁ ရက်နေ့ အဆိုပါစစ်မှုထမ်းတပ်သားက အလင်းဝင်ခဲ့ခြင်းဖြစ်ပြီး ဖာပွန်မြို့အခြေစိုက် ခလရ (၁၉) တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူး ကျော်မင်းသန်းကို အသက် ၃၃ နှစ်အရွယ် စစ်မှုထမ်းတပ်သားတစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် ထွက်ပြေးအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ သူလုပ်ကြံသတ်ဖြတ်ပြီး အလင်းဝင်ခဲ့တာ ဇွန်လ ၂၁ ရက်နေ့က ဖြစ်ပါတယ်။ KNLA တပ်ဖွဲ့ထံ အလင်းဝင်ခဲ့တာပါ။ ကျနော်က KNLA ကိုယ်စား သတင်းဖြန့်ချိပေးတာဖြစ်ပါတယ်” ဟု Force for Federal Democracy – FFD တပ်ဖွဲ့မှ ဒုတာဝန်ခံ ကိုအောင်အောင်က ပြောသည်။
အလင်းဝင်လာသူသည် ပဲခူးတိုင်းဒေသကြီး ဇာတိဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၇ နာရီခန့်တွင် နေအိမ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးခဲ့သဖြင့် ပေါ်တာဆွဲခံခဲ့ရသူဖြစ်ကြောင်း၊ ထို့နောက် စစ်မှုထမ်းအပတ်စဉ် (၂၁) သင်တန်းကို နှစ်လခွဲကြာ မဖြစ်မနေ တက်ရောက်ခဲ့ရပြီး စစ်ကောင်စီတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သိရသည်။
သင်တန်းဆင်းပြီးနောက် ၎င်းအား ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ရှေ့တန်းစစ်မျက်နှာသို့ စေလွှတ်ခဲ့ရာတွင် စစ်ကောင်စီတပ်၏ ခလရ (၁၉) တပ်ရင်းလက်အောက်၌ တာဝန်ထမ်းဆောင်ခဲ့ရပြီး ဇွန်လ ၂၁ ရက်နေ့တွင် တပ်ရင်းမှူး ဗိုလ်မှူး ကျော်မင်းသန်းကို လုပ်ကြံသတ်ဖြတ်ကာ KNLA တပ်မဟာ (၅) ထံ လက်နက်နှင့်အတူ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
FFD တပ်ဖွဲ့က အဆိုပါသတင်းကို KNLA ဘက်မှ အတည်ပြုသတင်းပေးပို့ချက်အရ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြောဆိုထားပြီး စစ်ကောင်စီ၏ အတင်းအကျပ် စစ်မှုထမ်းခေါ်ယူခံရသူများအနေဖြင့် အခွင့်အရေးရရှိသည့်အချိန်တွင် လက်နက်နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ကြရန်လည်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းလျက်ရှိကြောင်း သိရသည်။




