ရန်ကုန်၊ ဇွန် ၃၀
ဗြိတိန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေတစ်ရပ်လုံးကို ရောမစာချုပ် (Rome Statute) အပိုဒ် ၁၄ (Article 14) အရ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) တရားစွဲဆိုရေးမှူးထံသို့ လွှဲပြောင်းရန် ICC အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည့် မဟာမိတ်အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းသင့်ပြီး မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်သင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ဇွန်လ ၂၉ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။
ဇွန်လ ၂၃ ရက်နေ့ ဗြိတိန်အောက်လွှတ်တော် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ၏ ကြားနာမှုတစ်ရပ်တွင် အဆိုပါအကြံပြုချက်များကို Fortify Rights ၏ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Matthew Smith က ထွက်ဆို အကြံပြုခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
Fortify Rights အမှုဆောင်အရာရှိချုပ် Matthew Smith က ဗြိတိန်အနေဖြင့် ICC အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည့် မဟာမိတ်အဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံ၏ အခြေအနေတစ်ရပ်လုံးကို ICC တရားစွဲဆိုရေးမှူးထံ လွှဲပြောင်းပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများ မဖြစ်ပွားစေရန် လက်တွေ့ကျသော ခြေလှမ်းတစ်ရပ်ကို ချက်ချင်းလုပ်ဆောင်နိုင်ကြောင်း အကြံပြု ပြောကြားသည်။
၎င်းက မြန်မာပြည်သူများသည် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ နှစ်ပေါင်းများစွာ ခံစားနေရကြောင်း၊ ရာဇဝတ်ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေးသည် ရက်စက်ကြမ်းကြုတ်မှုများကို ကာကွယ်တားဆီးရာတွင် အဓိကကျပြီး ယင်းမရှိပါက နောက်ထပ် ရာဇဝတ်မှုများနှင့် အသက်ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
Fortify Rights က မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ပွားနေသည့် နိုင်ငံဖြစ်ပြီး နှစ်ပေါင်း ၇၀ ကျော်အတွင်း စစ်အစိုးရအဆက်ဆက်က အရပ်သားပြည်သူများနှင့် တိုင်းရင်းသားလူမျိုးများအပေါ် စစ်ဆင်ရေးများ ဆင်နွှဲခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် အရပ်သားများအပေါ် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၇ သန်းခန့်ရှိပြီး မြန်မာနိုင်ငံမှ အတင်းအကျပ် နေရပ်စွန့်ခွာရသူ စုစုပေါင်း ၅ ဒသမ ၃ သန်းအထိ ရှိလာကြောင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ ကျေးရွာမီးရှို့မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ မတရားဖမ်းဆီးမှုများနှင့် အဓမ္မစစ်သားစုဆောင်းမှုများကြောင့် ပြည်သူအများအပြား အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း မှတ်တမ်းတင်ထားသော်လည်း မြန်မာစစ်တပ်မှ မည်သည့်တာဝန်ရှိသူတစ်ဦးတစ်ယောက်မျှ ICC သို့မဟုတ် အခြားနိုင်ငံတကာတရားရုံးများတွင် တရားရင်ဆိုင်ရခြင်း မရှိသေးကြောင်း Fortify Rights ကဆိုသည်။
ဇွန်လ ၁၀ ရက်နေ့ ဗြိတိန်ပါလီမန်အမတ်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း Jeremy Hunt ကလည်း ဗြိတိန်လွှတ်တော်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်မှုများကို စုံစမ်းစစ်ဆေးရန် ရောမစာချုပ် အပိုဒ် ၁၄ ကို အသုံးပြုရေး အစိုးရအနေဖြင့် စဉ်းစားမည်လားဟု မေးမြန်းခဲ့ကြောင်း သိရှိရသည်။
Fortify Rights က ဗြိတိန်အနေဖြင့် ရုရှားနှင့် တရုတ်တို့၏ ဗီတိုအာဏာကြောင့် မြန်မာစစ်တပ်အား တာဝန်ခံမှုရှိစေရေးကို အဟန့်အတားဖြစ်နေသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သဘောတူညီချက်ကို စောင့်ဆိုင်းမနေသင့်ကြောင်း၊ ယူကရိန်းအရေးတွင် တာဝန်ခံမှုဖော်ဆောင်ရာ၌ ဦးဆောင်ခဲ့သကဲ့သို့ ဥရောပ၊ လက်တင်အမေရိက၊ အာဖရိကနှင့် အာရှ-ပစိဖိတ်ဒေသရှိ ICC အဖွဲ့ဝင်နိုင်ငံများကို စုစည်းကာ မြန်မာနိုင်ငံအရေးကို ICC ထံ အမြန်ဆုံး လွှဲပြောင်းသင့်ကြောင်း တိုက်တွန်းထားသည်။
ထို့ပြင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Tom Andrews ကလည်း ၂၀၂၄ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် အစီရင်ခံစာများတွင် မြန်မာနိုင်ငံ၏ အခြေအနေတစ်ရပ်လုံးကို Article 14 အရ ICC သို့ လွှဲပြောင်းရန် ICC အဖွဲ့ဝင်နိုင်ငံများကို အကြံပြုခဲ့ကြောင်း ဖော်ပြထားသည်။
Fortify Rights က လက်ရှိ ICC သည် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်း အကျပ် မောင်းထုတ်ခဲ့သည့် ဖြစ်ရပ်များကိုသာ စုံစမ်းစစ်ဆေးနေပြီး နိုင်ငံတကာတရားရုံး (ICJ) တွင်လည်း ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည့် လူမျိုးတုံးသတ်ဖြတ်မှုအမှုကို စစ်ဆေးနေကြောင်း၊ သို့သော် ယင်းလုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံတစ်ဝန်းတွင် ဆက်လက်ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်မှုအားလုံးကို လွှမ်းခြုံနိုင်ခြင်း မရှိကြောင်း ဆိုသည်။
၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရောမစာချုပ် အပိုဒ် ၁၂(၃) အရ ၂၀၀၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအတွင်း ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအပေါ် ICC ၏ စီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ကြေညာခဲ့ပြီး ICC က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယင်းကြေ ညာချက်ကို လက်ခံရရှိကြောင်း အတည်ပြုခဲ့သော်လည်း ယနေ့အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးအတွက် စုံစမ်းစစ်ဆေးမှု မဖွင့်လှစ်ရသေးကြောင်း သိရှိရသည်။
ဗြိတိန်အနေဖြင့် မြန်မာစစ်တပ်၏ ဝင်ငွေလမ်းကြောင်းများ၊ နိုင်ငံပိုင်ဘဏ်များ၊ စစ်သုံးလေယာဉ်ဆီ ထောက်ပံ့နေသည့် ကုမ္ပဏီများ၊ သင်္ဘောများ၊ ပွဲစားများ၊ အာမခံလုပ်ငန်းများ၊ လက်နက်နှင့် နှစ်မျိုးသုံးပစ္စည်းများ ထောက်ပံ့နေသည့် လုပ်ငန်းများ၊ စစ်တပ်ပိုင် သို့မဟုတ် စစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်သင့်ကြောင်း၊ ယင်းဆောင်ရွက်မှုများကို ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျတို့နှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း Fortify Rights က ဆက်လက်အကြံပြုထားသည်။
ထို့အပြင် ယူကေအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာစစ်တပ်အပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ပင်ရေး၊ စစ်သုံးလေယာဉ်ဆီ တင်ပို့မှုတားမြစ်ရေးနှင့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ရှိသူများအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ရေးတို့ကို ဆက်လက်တွန်းအားပေးသင့်ကြောင်း၊ ရုရှားနှင့် တရုတ်တို့၏ ဗီတိုအာဏာကို အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ဘဲ မဲခွဲဆုံးဖြတ်နိုင်ရေး ကြိုးပမ်းသင့်ကြောင်း ဖော်ပြထားသည်။
Fortify Rights က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာအရပ်သားများအပေါ် မြန်မာစစ်တပ်သာမက အာရက္ခတပ်တော် (AA) ကလည်း လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိတ်ပင်ခြင်း၊ မတရားဖမ်းဆီးခြင်းနှင့် အရပ်သားများကို တိုက်ခိုက်ခြင်းများ ရှိနေကြောင်း၊ ထို့ကြောင့် စစ်တပ်မဟုတ်သည့် လက်နက်ကိုင်အဖွဲ့များ၏ ချိုးဖောက်မှုများကိုလည်း လျစ်လျူမရှုသင့်ကြောင်း တိုက်တွန်းထားသည်။
ဗြိတိန်အစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားရေးအကူအညီများကို ပြန်လည်တိုးမြှင့်ပေးရန်၊ အကူအညီဖြတ်တောက်မှုများကြောင့် အာဟာရချို့တဲ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ကျဆင်းမှု၊ လူကုန်ကူးမှုအန္တရာယ်၊ လက်နက်ကိုင်အဖွဲ့များ၏ စုဆောင်းမှုနှင့် ပင်လယ်ရေကြောင်းမှ အန္တရာယ်ရှိသည့် ခရီးစဉ်များ တိုးလာကြောင်း ထောက်ပြထားသည်။
ထို့ပြင် ရိုဟင်ဂျာဒုက္ခသည်များကို လုံခြုံစိတ်ချရမှုမရှိဘဲ မြန်မာနိုင်ငံသို့ အတင်းအကျပ် ပြန်လည်ပို့ဆောင်ခြင်းကို လူသိရှင်ကြား ကန့်ကွက်သင့်ကြောင်းနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ သက်ရှင်ကျန်ရစ်သူများ ဦးဆောင်သည့်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် ICC၊ IIMM အပါအဝင် နိုင်ငံတကာတရားစီရင်ရေးယန္တရားများသို့ အထောက်အထားများ ပေးပို့နေသည့် အဖွဲ့အစည်းများကို ရေရှည်ဘဏ္ဍာရေးအထောက်အပံ့များ တိုးမြှင့်ပေးရန်လည်း Fortify Rights က တိုက်တွန်းထားသည်။




