ရန်ကုန်၊ ဇူလိုင် ၁
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ကျေးရွာ ၁၀ ခုမှ ပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူ ပြောဆိုချက်အရ သိရသည်။
ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ ညပိုင်းတွင် ပေါက်မြို့နယ် အရှေ့ပိုင်း ရေထွက်ကြီးရွာ၌ ညအိပ်တပ်စွဲထားသော စစ်ကြောင်းသည် ယနေ့ နံနက် အစောပိုင်းတွင် ရေထွက်ကြီးရွာ အနောက်ဘက်ကို ရှေ့ပြေးစစ်ကြောင်းများထွက်လာပြီး ညောင်ရေတည်း ကျေးရွာအနီးတဝိုက်ကို ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာခြင်းဖြစ်ပြီး အင်အား ၅၀၀ နီးပါး ပါဝင်ကာ လက်ရှိချိန်တွင် ကျေးရွာ ၁၀ ခုမှ ပြည်သူ ၂၀၀၀ ကျော်သည် နီးစပ်ရာကျေးရွာများနှင့် တောတောင်များတွင် ယာယီစစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။
“ပြည်သူတွေ ဖမ်းခံရတာတွေလည်း ရှိနိုင်ပါတယ်။ ကျနော်တို့ သေချာ အတည်မပြုနိုင်သေးဘူး။ အခုက ရှေ့ပြေး စစ်ခွေးတွေ စပြီးဝင်ရောက်လာတာ စစ်ခွေးကားတန်းကတော့ ရေထွက်ကြီးရွာ အနောက်ဘက်က ချောင်းရိုးထဲမှာရှိနေတယ်။ ပေါက်မြို့နယ်က ရေပြာစခန်းကို ပြန်ထိုင်ဖို့ သွားတယ်လို့တော့ ယူဆရတယ်” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူက ပြောဆိုသည်။
ထိုစစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် အတွင်း စစ်ကြောင်းထိုးစဉ်က သာစည်ရွာမှ အသက် ၆၁ နှစ်အရွယ် ဦးဝင်းရွှေ၊ နှမ်းဆီကန်ရွာမှ အသက် ၅၆ နှစ်အရွယ် ဦးမြင့်ဦး၊ မြေရင့်ရွာမှ စိတ်ရောဂါ ခံစားနေရသော အသက် ၄၀ နှစ်အရွယ် ကိုကျော်လွင်၊ မိတ္ထိလာရွာမှ အသက် ၃၂ နှစ်အရွယ် ကိုနေဇော် နှင့် မိတ္ထိလာရွာမှ အသက် ၃၃ နှစ်အရွယ် ကိုမင်းမင်းဦး တို့ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြိုင်မြို့နယ် မြဇီးတောရွာမှ ရွာဦးဘုန်းကြီးကျောင်း ဇရပ် ၂ ခု ၊ ပြည်သူပိုင် နေအိမ် ၂၀ ကျော်၊ ဖောကား ၁ စီး၊ မြေတူးစက် ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော် ဆိုင်ကယ် ၁၇ စီး၊ အိမ်သုံး ပရိဘောဂအမျိုးမျိုးနှင့် စားနပ်ရိက္ခာ အများအပြား မီးလောင်ပျက်စီးခဲ့သေးကြောင်း သိရှိရသည်။






