ရန်ကုန်၊ ဇူလိုင် ၂
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ်အတွက် စစ်ကောင်စီက Y-8 ထောက်ပို့လေယာဉ်များဖြင့် ကျဲချပေးသော ရိက္ခာထုပ်အချို့ကို တော်လှန်ရေးတပ်များက ကောင်းမွန်စွာ လက်ခံသိမ်းဆည်းရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ခံကို ကိုသစ္စာက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၁ ရက် မွန်းလွဲ ၁ နာရီ ၂၄ မိနစ်မှ ၁ နာရီ ၅၉ မိနစ်အထိ ဒီပဲယင်းမြို့ပေါ်ရှိ စစ် တပ်အတွက် မိတ္ထီလာမြို့၊ ရှမ်းတဲလေး လေတပ်မှ တက်လာသော Y-8 အမျိုးအစား စစ်တပ် ထောက်ပို့လေယာဉ် ၁ စီးပေါ်မှ လေထီးများဖြင့် ရိက္ခာထုပ်များချပေးခဲ့ရာ ဒီပဲယင်းမြို့နယ် ပကဖ ရဲဘော်များကလည်း ရိက္ခာထုပ်များကို ကောင်းမွန်စွာ လက်ခံ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ချပေးသည့် ရိက္ခာထုပ်များ တွင် လက်ဖက်ထုတ်၊ ဆန်ပြုတ်ထုပ်များလည်း ပါဝင်ကြောင်း သိရသည်။
“၅ ကြိမ်လာချသွားတာပါ။ ဒီပဲယင်းခြံက စခ၊ ရခ၊ ပခတွေအတွက်ချပေးတဲ့ ရိက္ခာထုပ် တော်တော် များများကို ရရှိခဲ့တာပါ။ဒီပဲယင်းက လွတ်မြောက်နယ်မြေဖြစ်နေပါပြီ။ ပြည်သူတွေအနေနဲ့ အားမ လျှော့ကြပါနဲ့” ဟု ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ခံကို ကိုသစ္စာက ရန်ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။
ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်ခံထားရမှုကြောင့် ငတ်ပြတ်နေပြီဖြစ်ကြောင်း၊ ထိုသို့ ငတ်ပြတ်နေသည့် စစ် ကောင်စီ တပ်သားများအတွက် ရိက္ခာများထောက်ပို့ပေးခဲ့ခြင်းဖြစ်ပြီး စစ်ကြောင်းထိုးရန် ခဲယမ်း အင် အားဖြည့်တင်းခြင်းမဟုတ်ကြောင်း သိရှိရသည်။






