ရန်ကုန်၊ ဇူလိုင် ၂
မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုအတွင်း Non-CDM ဝန်ထမ်းတစ်ဦးဖြစ်သည့် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ကျော်ဇေယျနှင့် ရဲတပ်ကြပ် ကျော်လွင်တို့ သေဆုံးခဲ့ပြီး အောင်လံခရိုင် ယာယီဒုရဲမှူးကြီး ဝင်းလှိုင်နှင့် ရဲအုပ် အောင်သန်းဇော်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲကြေးနန်းအရ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်အချိန် ရဲကားတန်းကို အောင်လံမြို့မရဲစခန်း၏ မြောက်ဘက် ၆ မိုင်ခန့်အကွာ ဘုရားတောင်ဗွေကျေးရွာအနီး ပြည်-မကွေးကားလမ်းပေါ်တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရဲကားတန်းကို တော်လှန်ရေးတပ်များက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲတပ်ကြပ် ကျော်လွင်သည် ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အပြင် အောင်လံခရိုင် ယာယီဒုရဲမှူးကြီး ဝင်းလှိုင်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရဲအုပ် အောင်သန်းဇော်မှာလည်း ညာဘက်တင်ပါးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် အောင်လံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုအတွင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး အသက် ၅၁ နှစ်အရွယ် ကျော်ဇေယျမှာလည်း ညာဘက်နားထင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် ခြေထောက်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာတို့ ရရှိကာ သေဆုံးသွားခဲ့ကြောင်း ရဲကြေးနန်းတွင် ဖော်ပြထားသည်။
သေဆုံးသွားသော Non-CDM အရာရှိ ကျော်ဇေယျ၏ ကားပေါ်တွင် လိုက်ပါလာသည့် မြင့်နိုင်နှင့် ဇနီးသက်သက်မာတို့မှာလည်း ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
အလားတူ ဇွန်လ ၂ ရက်နေ့ နံနက် ၅ နာရီခန့်အချိန်ကလည်း အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာရှိ စစ်တပ် ၏ နတ်မောက်ဂိတ်စခန်းကို သရက်ခရိုင်အမှတ်(၂)တပ်ရင်းက ၁၄၀၄ စစ်ဆင်ရေးအဖြစ် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့သည်။




