25.8 C
Yangon

ပေါက်မြို့နယ်အတွင်း စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေ၍ ပြည်သူ ၁ သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၂

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေ၍ ပြည်သူ ၁ သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ပေါက်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ ပြောဆိုချက် အရသိရသည်။

ဇွန်လ ၃၀ ရက်နေ့တွင် ပခုက္ကူ တပ်မ ၁၀၁ မှ ထွတ်လာသော အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းသည် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် လက်ရှိတွင် ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းရှိ ကျေးရွာ ၁၆ ခုမှ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထိုစစ်တပ် စစ်ကြောင်းကြောင့် ပြည်သူ ၁၀၁၇၁ ဦးသည် နီးစပ်ရာ ကျေးရွာများနှင့် တောတောင်များတွင် ယာယီ စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင် ပြည်သူများ အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ်၊ တင်ငုတ်ပြင်ရွာနှင့် ညောင်ရေတည်းရွာ အနီးတဝိုက်တွင် ရောက်ရှိနေပြီး မည်သည့် နေရာကို ဆက်လက် ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက အရပ်သား ပြည်သူတွေကို ဖမ်းဆီးတာမျိုးတော့ မကြားမိသေးဘူး။ အခုထိတော့ ပြည်သူတွေက အရင်ရှောင်နေကြတာများပါတယ်။ စစ်ခွေးစစ်ကြောင်း ဘယ်ကိုဆက်လက် ဦးမည်မယ်ဆိုတာတော့ ဆက်လက် စောင့်ကြည့်နေပါတယ်” ဟု ပေါက်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ထိုစစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် အတွင်း စစ်ကြောင်းထိုးစဉ်က သာစည်ရွာမှ အသက် ၆၁ နှစ်အရွယ် ဦးဝင်းရွှေ၊ နှမ်းဆီကန်ရွာမှ အသက် ၅၆ နှစ်အရွယ် ဦးမြင့်ဦး၊ မြေရင့်ရွာမှ စိတ်ရောဂါ ခံစားနေရသော အသက် ၄၀ နှစ်အရွယ် ကိုကျော်လွင်၊ မိတ္ထိလာရွာမှ အသက် ၃၂ နှစ်အရွယ် ကိုနေဇော် နှင့် မိတ္ထိလာရွာမှ အသက် ၃၃ နှစ်အရွယ် ကိုမင်းမင်းဦး တို့ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article