26.4 C
Yangon

မလေးရှားတွင် ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ်ပွဲကျင်းပပြီး ဒုက္ခသည်များ၏ အခွင့်အရေးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဆက်လက်အာရုံစိုက်ပေးရန် တိုက်တွန်း

Must read

ရန်ကုန်၊ ဇူလိုင် ၃

မလေးရှားနိုင်ငံရှိ မြန်မာအရေးဆောင်ရွက်နေသည့် Myanmar Affairs Alliance (MAA) နှင့် မိတ်ဖက်အဖွဲ့အစည်းများက ကမ္ဘာ့ဒုက္ခသည်များ၏ ဘဝအခက်အခဲများ၊ အခွင့်အရေးများနှင့် လူသားချင်းစာနာမှုတန်ဖိုးများကို အလေးထားဂုဏ်ပြုသည့် ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ်ပွဲ ကို ဇွန်လ နောက်ဆုံးပတ်အတွင်း Klang မြို့၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံအတွက် ခေတ်အဆက်ဆက် ဒုက္ခပေါင်းစုံကို ရင်ဆိုင်နေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်သတိရအာရုံစိုက်ပေးရေး ကမ်ပိန်းတစ်ရပ်ကိုလည်း ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗီဒီယိုမှတစ်ဆင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ALTSEAN-Burma တည်ထောင်သူနှင့် Coordinator ဖြစ်သူ Debbie Stothard ကလည်း ဗီဒီယိုမက်ဆေ့ချ်ဖြင့် အဖွင့်အမှာစကား ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့ပြင် မလေးရှားနိုင်ငံရှိ UNHCR (CBP Unit) ကလည်း ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ်ပွဲသို့ သတင်းစကားပေးပို့ခဲ့ပြီး၊ မလေးရှားရောက် မြန်မာများကို ကူညီပံ့ပိုးပေးနေသူ ဦးဘာဘူကြီးနှင့် မလေးရှားနိုင်ငံမှ အာဏာပိုင်အရာရှိအချို့လည်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် MAA မှ တာဝန်ရှိသူများက ဒုက္ခသည်များနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအပေါ် စစ်ကောင်စီ၏ သတ်ဖြတ်အကြမ်းဖက်မှုများ၊ စစ်ဘေးရှောင်များ၊ CDM ဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သတင်းမီဒီယာလုပ်သားများ၏ လုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလိုအပ်ချက်များကို ဆရာစိုးထက်သိန်းက ဟောပြောခဲ့ကြောင်း သိရသည်။

ထို့အပြင် “လူတိုင်း ဘေးကင်းသည်အထိ ကာကွယ်စောင့်ရှောက်ရေး၏ မရှိမဖြစ်လိုအပ်ချက်” ခေါင်းစဉ်ဖြင့် ကမ္ဘာ့ဒုက္ခသည်များနေ့ အထူးမိန့်ခွန်းကို I.M.A.C မှ ဆရာ Samuel Lien က အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့ပြီး၊ ဒေါက်တာရီလွင်ကျော်က မြန်မာဘာသာဖြင့် ဆက်လက်ဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုစကားနှင့် မွေးနေ့ဆုတောင်းစကားများကို ဆရာတော်များက မိန့်ကြားခဲ့ပြီး၊ NLD-LA ကိုယ်စား ဦးနိုင်လင်းနှင့် မသဲသဲအေးတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မလေးရှားနိုင်ငံတွင် နေထိုင်လျက်ရှိသည့် မြန်မာဒုက္ခသည်များအနေဖြင့် လိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းများ (Dos & Don’ts) ကို အသိပေးသည့် “ပုံရိပ်ကောင်းကို တည်ဆောက်ကြစို့” ကမ်ပိန်းအတွက် လက်ကမ်းစာစောင်များကို M.W.O မှ တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article