ရန်ကုန်၊ ဇူလိုင် ၄
မလေးရှားနိုင်ငံ၊ ဂျိုဟိုး (Johor) ပြည်နယ်အတွင်းရှိ စက်ရုံ ၂ ရုံကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၆ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသားအလုပ်သမား ၈၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဇူလိုင်လ ၃ ရက် နံနက် ၉ နာရီခန့်အချိန် ဂျိုဟိုးပြည်နယ်၊ ဂျိုဟိုးဘာရူးမြို့၊ လာကင် (Larkin) စက်မှုဇုန်ရှိ မုန့်ထုတ်လုပ်ရေးစက်ရုံနှင့် နာရီအစိတ်အပိုင်း ထုတ်လုပ်ရေးစက်ရုံတို့ကို ဂျိုဟိုးပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနက မလေးရှားနယ်စပ်ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (AKPS) နှင့် ပူးပေါင်း၍ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးမှုအတွင်း တရားဝင် ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်နေသည့် နိုင်ငံ ခြားသား ၈၀ ဦးကို ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား အမျိုးသား ၆ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၂ ဦး၊ ပါကစ္စတန်နိုင်ငံသား ၅ ဦးနှင့် အခြားနိုင်ငံခြားသား ၃၁ ဦး ပါဝင်ကြောင်း သိရသည်။
ထို့ပြင် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းအသုံးပြုခဲ့သည်ဟုဆိုသော စက်ရုံ၏ မလေးရှားနိုင်ငံသား လူ့စွမ်းအားအရင်းအမြစ် (HR) တာဝန်ခံတစ်ဦးကိုလည်း ပူးတွဲဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စုံစမ်းစစ်ဆေးမှုများအရ အဆိုပါစက်ရုံများတွင် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းထားကြောင်း သတင်းရရှိခဲ့သဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနက ရက်သတ္တပတ်များစွာ စောင့်ကြည့်လေ့လာပြီးနောက် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများကို ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းနှင့် စစ်ဆေးစဉ် တရားဝင်အထောက် အထား မပြသနိုင်ခြင်းတို့ဖြင့် စုံစမ်းစစ်ဆေးလျက်ရှိပြီး၊ လက်ရှိတွင် မြန်မာနိုင်ငံသား ၆ ဦးအပါအဝင် ဖမ်းဆီးခံရသူအားလုံးကို စတီယာ ထရိုပီကာ (Setia Tropika) လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ ကဒါးပြည်နယ်၊ ဆစ်ခ် (Sik) ခရိုင်ရှိ ဘီလန်တစ် (Belantik) တရားမဝင်ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အထူးတရားရုံးက ဇူလိုင်လ ၁ ရက်တွင် လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံခြားသား ၂၁ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ်ချမှတ်ခံရသူများတွင် မြန်မာနိုင်ငံသား ၁၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၉ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၂ ဦး ပါဝင်ကြောင်း၊ ယင်းအနက် ဗီဇာသက်တမ်းကျော်လွန် နေထိုင်မှုဖြင့် အမှုရင်ဆိုင်ရသူ ၁၀ ဦးကို ဖမ်းဆီးခံရသည့်နေ့မှစ၍ ထောင်ဒဏ် ၃ လမှ ၈ လအထိ အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် တရားဝင်ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ မလေးရှားနိုင်ငံအတွင်း တရားမဝင် နေထိုင်ခဲ့သည့် မြန်မာနိုင်ငံသားများအပါအဝင် ကျန်ရှိသည့် နိုင်ငံခြားသား ၁၁ ဦးကိုလည်း ဖမ်းဆီးခံရသည့်နေ့မှစ၍ ထောင်ဒဏ် ၈ လစီ ချမှတ်ခဲ့ပြီး၊ သက်ဆိုင်ရာဥပဒေအရ အကျုံးဝင်သည့် အမျိုးသားတရားခံများကို ကြိမ်ဒဏ် ၁ ချက်စီ ပူးတွဲကျခံစေရန် တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။






