ရန်ကုန်၊ ဇူလိုင် ၅
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် သံဃာတော်များကို ဆွမ်းလောင်းလှူသော တောင်ဥက္ကလာပမြို့နယ် NLD အမတ်ဟောင်း ဒေါက်တာစောနိုင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း NLD ပါတီသတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ တောင်ဥက္ကလာပမြို့နယ် NLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ဇူလိုင်လ ၁၉ ရက်နေ့ ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့အဖြစ် တန်းဆွမ်းကြွနေသော သံဃာတော်များကို ဆွမ်း၊ ဟင်း၊ အလှူငွေနှင့်သင်္ကန်းများ လှူဒါန်းခြင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး အလုံးစုံ အပြီးအပြတ် အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဖေ့ဘုတ်စ် လူမှုကွန်ရက်တွင် ဆုတောင်းပို့စ် တင်ခဲ့သည်။
အဆိုပါ ပို့စ်တင်မှုကြောင့် ဇွန်လ ၁၉ ရက်နေ့တွင် စစ်တပ်နှင့်ရဲများက ဒေါက်တာစောနိုင်နှင့်ဇနီးကို နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့ပြီး ဇနီးဖြစ်သူကိုမူ ပြန်လည် လွှတ်ပေးလိုက်ကြောင်း၊ ဒေါက် တာစောနိုင်ကိုမူ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီး အရေးယူ အမှုဖွင့်ထားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ပြည်သူများကိုလည်း နိုင်ငံတစ်ဝန်းတွင် ဖမ်းဆီးကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်




