24.9 C
Yangon

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်မည့် မြန်မာလုပ်သားများထံမှ စစ်တပ်လက်အောက်ခံ ဌာနပေါင်းစုံက လူတစ်ဦးလျှင် ကျပ် ၄၃,၀၀၀ နှင့် ယွမ် ၅၀ အဓမ္မကောက်ခံနေ

Must read

ရန်ကုန်၊ ဇူလိုင် ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်နိုင်ငံသို့ သွား ရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများထံမှ စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံနှင့် လုံခြုံရေးအဖွဲ့အစည်းများက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ လူတစ်ဦးလျှင် မြန်မာကျပ်ငွေ ၄၃,၀၀၀ နှင့် တရုတ်ယွမ် ၅၀ အထိ အဓမ္မငွေကြေး ကောက်ခံနေကြောင်း နယ်စပ်သတင်းရင်းမြစ်များနှင့် ကာယကံရှင်အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံအတွင်း သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သားများသည် ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးမှ လာရောက်သူများဖြစ်ပြီး တရုတ်နိုင်ငံသို့ ဝင်ရောက်နိုင်ရန် နှစ်နိုင်ငံသဘောတူညီချက်အရ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးသည့် ၆ ညအိပ် ၇ ရက် နေထိုင်ခွင့်ပြုသည့် “တစ်ပတ်ကတ်” (Border Pass) ကို မဖြစ်မနေ လျှောက်ထားရကြောင်း သိရသည်။

သို့သော် အဆိုပါကတ်ထုတ်ယူရာတွင် စစ်ကောင်စီလက်အောက်ခံ ဌာနအသီးသီးက တရား ဝင်သတ်မှတ်ထားသည့် ကတ်ဖိုးအပြင် အခြားအကြောင်းပြချက်မျိုးစုံဖြင့် ငွေကြေးများကို အဆင့်ဆင့် အဓမ္မကောက်ခံနေကြောင်း အလုပ်သမားများက ပြောသည်။

“ကတ်တစ်ကတ်ထုတ်ဖို့ လဝကက ကတ်ဖိုး ၁,၀၀၀ ကျပ်ပဲရှိပေမယ့် စစစ၊ စရဖ၊ နယ်ထိန်း၊ နယ်မြေရဲ၊ SB၊ CID စတဲ့ဌာနတိုင်းကို ပေးရတယ်။ လူကုန်ကူးတားဆီးရေးဆိုပြီးလည်း ယွမ် ၅၀ ထပ်ပေးရတယ်။ မပေးရင် ကတ်မထုတ်ပေးဘူး၊ အကြောင်းအမျိုးမျိုးပြပြီး ကြန့်ကြာအောင်လုပ်ကြတယ်” ဟု မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန် စောင့်ဆိုင်းနေသည့် မြန်မာလုပ်သားတစ်ဦးက ပြောသည်။

လက်ရှိတွင် အလုပ်သမားတစ်ဦးလျှင် လဝက (ကတ်ဖိုး) ၁,၀၀၀ ကျပ်၊ စစစ (အထူးစုံစမ်းစစ်ဆေးရေး) ၁၀,၀၀၀ ကျပ်၊ စရဖ (စစ်ဘက်ရေးရာလုံခြုံရေး) ၁၀,၀၀၀ ကျပ်၊ နယ်ထိန်းရဲ ၅,၀၀၀ ကျပ်၊ နယ်မြေရဲစခန်း ၅,၀၀၀ ကျပ်၊ SB (အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့) ၅,၀၀၀ ကျပ်၊ CID (မှုခင်းစုံစမ်းစစ်ဆေးရေး) ၅,၀၀၀ ကျပ်နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့အတွက် တရုတ်ယွမ် ၅၀ ကို မဖြစ်မနေ ပေးဆောင်နေရကြောင်း သိရသည်။

မူဆယ်နယ်စပ်ရှိ ဆင်ဖြူပေါက်ဂိတ်နှင့် လူဝင်မှုကြီးကြပ်ရေးရုံးများတွင် လက်ရှိအချိန်၌ တစ်ရက်လျှင် “တစ်ပတ်ကတ်” ၂၀၀ ကျော် ထုတ်ပေးနေပြီး ကတ်လျှောက်ထားသူများသည် မှတ်ပုံတင်မူရင်းနှင့် Smart Card (UID) ပါရှိရမည့်အပြင် အမျိုးသားဆိုပါက အသက် ၃၅ နှစ်နှင့်အထက်၊ အမျိုးသမီးဆိုပါက အသက် ၂၇ နှစ်နှင့်အထက် ဖြစ်ရမည်ဟု ကန့်သတ်ထားကြောင်း သိရသည်။

“တစ်ရက်ကို ကတ်ထုတ်တဲ့သူ ၂၀၀ ကျော်ရှိတယ်။ အဲဒီလူတိုင်းဆီက ငွေကောက်နေတာဆိုတော့ တစ်ရက်တည်းနဲ့ ကျပ်သိန်းချီရနေတယ်။ ဒါတွေက နိုင်ငံတော်ဘဏ္ဍာထဲ ဝင်တာမဟုတ်ဘဲ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အရာရှိတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက်ပဲ ရောက်သွားတာပါ” ဟု နယ်စပ်သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

စုံစမ်းသိရှိရသည့် အချက်အလက်များအရ တစ်ရက်လျှင် ပျမ်းမျှလုပ်သား ၂၀၀ ခန့်ထံမှ ကောက်ခံနေသည့် ငွေကြေးပမာဏမှာ မြန်မာကျပ်ငွေ ၈၆ သိန်းနှင့် တရုတ်ယွမ် ၁ သောင်းခန့် ရှိနေပြီး၊ တစ်လအတွင်း စုစုပေါင်း မြန်မာကျပ်ငွေ ၂၅၈ သိန်း (ကျပ် ၂၅.၈ သန်း) ကျော်နှင့် တရုတ်ယွမ် ၃ သိန်းခန့်အထိ ရရှိနေကြောင်း သိရသည်။

ယင်းငွေကြေးများသည် နိုင်ငံ့ဘဏ္ဍာအတွင်း ဝင်ရောက်ခြင်းမရှိဘဲ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရာရှိများ၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် တရားမဝင် ကောက်ခံရရှိနေကြောင်း နယ်စပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article