24.9 C
Yangon

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တွင် KNU/KNLA-PDF နှင့် စစ်တပ်အကြား ညလုံး ပေါက် အပြင်းအထန်တိုက်ပွဲဖြစ်၊ ကျည်ဆန်များ ထိုင်းဘက်သို့ ကျရောက်သဖြင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး အင်အားတိုးမြှင့်ချထား

Must read

ရန်ကုန်၊ ဇူလိုင် ၈

ကရင်ပြည်နယ်၊ မြဝတီမြို့တစ်ဖက်ကမ်းရှိ မြန်မာ-ထိုင်းနယ်စပ်ဒေသတွင် KNU/KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက စစ်တပ်နှင့် အပြင်းအထန် တိုက်ပွဲဆင်နွှဲခဲ့ရာ ကျည်ဆန်များ ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့သဖြင့် ထိုင်းစစ်တပ်က တပ်အင်အားများ ထပ်မံဖြည့် တင်းချထားပြီး လိုအပ်ပါက တုံ့ပြန်ပစ်ခတ်သွားမည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းအထိ မြဝတီမြို့အနီးရှိ မင်းလက်ပံ ကျေးရွာအနီးတွင် KNU လက်အောက်ခံ KNLA တပ်ဖွဲ့များနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်၏ အရေး ပါသည့် စခန်းတစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်အကြား တစ်ညလုံး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း လက်နက်ငယ်များ၊ စက်သေနတ်များ၊ ၆၀ မမ၊ .၅၀ စက်သေနတ်များနှင့် ၆၀ မမ၊ ၈၁ မမ စိန်ပြောင်းများဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ရာ ပစ်ခတ်သံများမှာ နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်၊ ဟွိုင်မဟာဝေါင် (Huai Maha Wong) ကျေးရွာအထိ ကျယ်လောင်စွာ ကြားနေရကြောင်း သိရသည်။

“မဲဆောက်ကနေ တစ်လုံး ပစ်ခတ်သံတွေ ကြားရတယ်။ လက်နက်ကြီးသံတွေ တအုန်း အုန်းနဲ့ကို ကြားနေရတာ။ မဲဆောက်ဘက်မှာတောင် ကမ်းနဖူးက အိမ်တွေပါ တုန်တယ် လက်နက်ကြီးသံတွေကြောင့်” ဟု ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် တိုက်ပွဲအတွင်း ပစ်ခတ်လိုက်သည့် စက်သေနတ်ကျည်များသည် ထိုင်းနိုင်ငံဘက်ရှိ နေအိမ် ၃ လုံးကို ထိမှန်ဖောက်ဝင်ခဲ့ပြီး၊ အခြား မော်တာကျည်တစ်လုံးမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး၏ နေအိမ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

တိုက်ပွဲများကြောင့် နယ်စပ်အနီး နေထိုင်သည့် ထိုင်းပြည်သူများမှာ တစ်ညလုံး အကာ အကွယ်ယူကာ နေထိုင်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းစစ်တပ် နရေဆွမ်စစ်ကွပ်ကဲရေးဌာန လက်အောက်ရှိ ရာချ်မနူး အထူးတပ်ဖွဲ့က နယ်စပ်တလျှောက်ရှိ အန္တရာယ်ကျရောက်နိုင်သော ကျေးရွာများသို့ တပ်အင် အားများ ထပ်မံဖြည့်တင်းချထားပြီး၊ မြန်မာနိုင်ငံဘက်မှ ပစ်ခတ်မှုများ ထိုင်းပိုင်နက်အတွင်း ထပ်မံကျရောက်လာပါက အဆင့်လိုက် သတိပေးတုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပွိုင့်ဖိုက် စက်သေနတ်တပ်ဆင်ထားသည့် စစ်ယာဉ်များနှင့် စစ်အင်အားများကိုလည်း နယ်စပ်ဒေသ၌ အသင့်ချထားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article