ရန်ကုန်၊ ဇူလိုင် ၈
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနှင့် လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်တွင် အဓိကတာဝန်ရှိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ဗြိတိန်အစိုးရက ထပ်မံပြောဆိုလိုက်သည်။
ဇူလိုင်လ ၇ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသည့် အစည်း အဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ယာယီတာဝန်ခံ ဗြိတိန်သံတမန် အန်ဒရူး ဂျက်ဆင်က အစ္စလာမ်ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (OIC)က တင်သွင်းသည့် ဆုံးဖြတ်ချက်မူကြမ်းကို ကျေးဇူးတင်ကြောင်း ပြောကြားစဉ် ထိုအချက်ကိုပါ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UN Human Rights Council) ၏ ၆၂ ကြိမ်မြောက် အစည်း အဝေးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေ အနေနှင့်ပတ်သက်သည့် ဆုံး ဖြတ်ချက်မူကြမ်းကို ထောက်ခံကြောင်း ဗြိတိန်နိုင်ငံက ကြေညာခဲ့ပြီး၊ မြန်မာ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် စနစ်တကျ လူ့အခွင့် အရေး ချိုးဖောက်မှုများအတွက် စစ်တပ်သည် အဓိကတာဝန်ရှိသူဖြစ်ကြောင်း၊ရိုဟင်ဂျာများနှင့် မြန် မာနိုင်ငံရှိ အခြားလူနည်းစုများက စစ်တပ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ခံစားနေရဆဲဖြစ်ကြောင်း ဗြိတိန်သံတမန်က ထပ်မံ အလေးပေး ပြောကြားသည်။
ဗြိတိန်အစိုးရ၏ ပြောကြားချက်အရ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်း ကြီး၏ နောက်ဆုံးအစီရင်ခံစာတွင် အစီရင်ခံကာလအတွင်း အရပ်သား ၇၀၂ ဦး သေဆုံးခဲ့ပြီး ယင်းတို့အနက် ၄၇၆ ဦးမှာ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်းကိန်းဂဏန်းများ၏ နောက်ကွယ်တွင် အသက်ဆုံးရှုံးခဲ့ရသူများ၊ ကွဲကွာသွားသည့် မိသားစုများနှင့် နေ့စဉ် ကြောက်ရွံ့မှုအောက်တွင် အသက်ရှင်နေရသည့် လူမှုအသိုင်း အဝိုင်းများ ရှိနေကြောင်းလည်း ဗြိတိန်သံတမန်က ထောက် ပြသည်။
ဗြိတိန်အစိုးရက စစ်ကောင်စီ၏ အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ယင်းလုပ်ရပ်များသည် ပြည်သူများအပေါ် ကြီးမားသည့် ဆင်းရဲဒုက္ခများ ဖြစ်ပေါ်စေပြီး ရှိရင်းစွဲ လူသားချင်းစာနာမှုအကျပ်အတည်းကို ပိုမိုဆိုးရွားစေကြောင်း ပြောကြားသည်။
ထို့ပြင် ရိုဟင်ဂျာများသည် ယနေ့အချိန်အထိ ဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှု၊ နိုင်ငံသားအခွင့်အရေး ကင်းမဲ့မှုနှင့် လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ခံရမှုများကို ဆက်လက်ကြုံတွေ့နေရကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများက ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ ၏ အန္တရာယ်ကို ပိုမိုကြီးထွားစေခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုများကိုလည်း ပိုမိုရင်ဆိုင်လာရကာ လူထောင်ပေါင်းများစွာ နေအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ပြောဆိုခဲ့သည်။
ဗြိတိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားရသည့် အရေးကြီးသည့် အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်းနှင့် ဒုက္ခသည်စခန်းများရှိ အခြေခံအဆောက် အအုံနှင့် လုံခြုံရေးဆိုင် ရာ ဖိအားများအပါအဝင် စိန်ခေါ်မှုများကိုလည်း နားလည်ကြောင်း ပြောကြား သည်။
မြန်မာနိုင်ငံမှ ဒုက္ခသည်များ၏ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်း တိုးတက်လာရေးနှင့် လုံခြုံရေးမြှင့်တင်ရေးသည် ရိုဟင်ဂျာများ၏ ဘဝအခြေအနေ တိုးတက်စေရန်နှင့် နောင်တွင် လုံခြုံစိတ်ချရပြီး မိမိဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက် အရေးကြီးကြောင်းလည်း အလေးပေးပြောဆိုခဲ့သည်။
ဗြိတိန်က အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို သဘောတူထောက်ခံမည်ဖြစ်သော် လည်း မြန်မာနိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို ဖြစ်ပွားနေသည့် လူ့အခွင့် အရေးချိုးဖောက်မှုများကို ဆက်လက်ကိုင်တွယ်သွားမည်ဖြစ်ပြီး၊ ရိုဟင်ဂျာများနှင့် အခြားအရပ်သားပြည်သူများအပေါ် စနစ်တကျကျူး လွန်နေသည့် လူ့အခွင့် အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်သည် အဓိကတာဝန်ရှိသူဖြစ်ကြောင်း ရှင်းလင်းစွာ မှတ်တမ်းတင်လိုကြောင်း ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အခြေအနေသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင် စီ၏ ဆက် လက်အာရုံ စိုက်မှုနှင့် နိုင်ငံတကာ၏ စုပေါင်းဆောင်ရွက်မှုများ လိုအပ်နေဆဲဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် OIC နှင့် နိုင်ငံတကာမိတ်ဖက်များနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအကျပ် အတည်း၏ အရင်းခံပြဿနာများကို ဖြေရှင်းရန်၊ ကျူးလွန်သူများအား တာဝန်ခံမှုရှိစေရန်နှင့် ရိုဟင်ဂျာများအပါ အဝင် မြန်မာပြည်သူအားလုံး၏ အခွင့်အရေးနှင့် ဂုဏ် သိက္ခာကို မြှင့်တင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်က ပြောကြားသည်။




