24.9 C
Yangon

ပခုက္ကူတွင် စစ်တပ်စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရဟု ကုလသမဂ္ဂ ထုတ်ပြန်

Must read

ရန်ကုန်၊ ဇူလိုင် ၈

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး လေ ကြောင်း တိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်နေကာ ကျေးရွာများမှ နေအိမ်များကို မီးရှို့ဖျက် ဆီးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပခုက္ကူတွင် ယခုဇူလိုင်လဆန်းပိုင်း တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် အရပ်သား ၂ သောင်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂကလည်း ဇူလိုင်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဇူလိုင် ၈ ရက်နေ့ နံနက်အစောပိုင်း တံတားဦးလေတပ်မှ တက်လာသည့် ဂျက်တိုက်လေယာဉ်တစ်စင်းက ပခုက္ကူ၊ ပေါက်နှင့် မြိုင်မြို့နယ်အစပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ထိုတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့ပြင် ယနေ့ နံနက် ၈ နာရီခန့်တွင် မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ပခုက္ကူမြို့နယ်ရှိ သစ်ပုလွေကုန်းကျေးရွာနှင့် သံဘိုကျေးရွာအနီးသို့ ရောက်ရှိလာခဲ့ပြီး စစ်ကြောင်းဝင်ရောက်လာမှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“စစ်ကြောင်းက ပခုက္ကူနယ်ထဲက ကမ္မဒေသဘက်ကို ဝင်လာနေတယ်။ ဘယ်ဘက်ကို ဆက်ဦးတည်မလဲတော့ မသိသေးဘူး။ ပြည်သူတချို့လည်း ရှောင်တိမ်းနေကြရတယ်။ ဒီနေ့မနက်အစောပိုင်းမှာလည်း ပခုက္ကူ၊ ပေါက်၊ မြိုင်အစပ်ကို လေကြောင်းကနေ ဗုံးကျဲသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပခုက္ကူမြို့နယ် မြစ်ခြေဒေသတွင် မေလနှောင်းပိုင်းနှင့် ဇွန်လအစောပိုင်းကလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်စဉ် အမျိုးသမီးများ၊ ကလေးငယ်များနှင့် လူငယ်များအပါအဝင် အရပ်သား ၅၀ နီးပါးကို ဖမ်းဆီးကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၀ ရွာကျော်ရှိ နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ (OCHA) ကလည်း ဇူလိုင် ၆ ရက်နေ့ ထုတ်ပြန်ရာ၌ ဇူလိုင် ၂ ရက်မှစတင်၍ ပခုက္ကူမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် အရပ်သား ၂ သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

ယင်းအရေအတွက်အပြင် မေလမှစတင်၍ ပခုက္ကူဒေသအတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသူ စုစုပေါင်း ၈ သောင်းခန့်အထိ ရှိလာပြီဖြစ်ကြောင်းလည်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

စစ်ရေးလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နေကြောင်း သတင်းများထွက်ပေါ်နေသဖြင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် အရပ်သားများ၏ ဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်ပေးရေးသည် အရေး တကြီးလိုအပ်နေကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။

လက်ရှိတွင် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများက ပဋိပက္ခဒဏ်သင့်ဒေသများ၏ လိုအပ်ချက်များကို အကဲဖြတ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေး ဆောင်ရွက်နေသော်လည်း ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများသို့ အကူအညီများ ရောက်ရှိရန် အခက်အခဲများ ဆက်လက်ကြုံတွေ့နေရကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့်အညီ ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးအနေဖြင့် အရပ်သားများကို အကာအကွယ်ပေးရမည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဘေးကင်းလုံခြုံစွာ၊ အဆက်မပြတ်နှင့် အတားအဆီးမရှိ ရောက်ရှိနိုင်ရေးကို အာမခံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ကုလသမဂ္ဂက တိုက်တွန်းထားသည်။

ကုလသမဂ္ဂ၏ အဆိုအရ မြန်မာနိုင်ငံသည် လက်ရှိတွင် ကမ္ဘာပေါ်ရှိ အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများအနက် တစ်ခုအဖြစ် ဆက်လက်ရှိနေပြီး လူပေါင်း ၁၆ သန်းကျော် အရေးပေါ်အကူအညီ လိုအပ်နေကာ ယင်းတို့အနက် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါး ပါဝင်နေကြောင်း သိရသည်။

ထို့အပြင် ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်ရေးအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ သန်း ၈၉၀ လိုအပ်နေသော်လည်း လက်ရှိအချိန်အထိ ဒေါ်လာ ၃၈၇ သန်းသာ ရရှိထားပြီး လိုအပ်သည့် ရန်ပုံငွေ၏ ၄၄ ရာခိုင်နှုန်းအောက်သာ ရရှိသေးကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်တပ်က ပြည်သူများနေထိုင်သော ကျေးလက်ဒေသများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article