ရန်ကုန်၊ ဇူလိုင် ၈
ကုလသမဂ္ဂတွင် မြန်မာပြည်သူလူထုကို ကိုယ်စားပြုနေသည့် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ပြီး ၎င်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရာထူးမှ ဖယ်ရှားပေးရန် ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ကြောင်း သိရသည်။
ဇူလိုင်လ ၈ ရက်နေ့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာများနှင့် ဝက်ဘ်ဆိုက်များ၌ “ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်ထံသို့ အိတ်ဖွင့်ပေးစာ (၂)” ဟူသော ခေါင်းစဉ်ဖြင့် ရေးသားသူ”မင်းခန့်” အမည်ခံ ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ပြီး ယင်းဆောင်းပါးအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပစ်မှတ်ထား၍ တိုက်ခိုက်ရေးသားထားသည်။
ယင်းအိတ်ဖွင့်ပေးစာတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်း ကုလသမဂ္ဂ၏ Credentials Committee က မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အသစ်ကို အသိအမှတ်မပြုဘဲ ဆိုင်းငံ့ထားခဲ့သဖြင့် မြန်မာနိုင်ငံကို ကိုယ်စားပြုသူမရှိကြောင်း ဖော်ပြထားသော်လည်း လက်ရှိတွင် ဦးကျော်မိုးထွန်းသည် Credentials Committee ၏ လုပ်ထုံးလုပ်နည်းကြောင့် ရာထူးမှ ဖယ်ရှားခံရခြင်းမရှိသေးသဖြင့် ကုလသမဂ္ဂ၏ အလွတ်သဘောအစည်းအဝေးများတွင် NUG ကိုယ်စားပြု၍ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပြောဆိုမှုများ ဆက်လက်ပြုလုပ်နေကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီက ဦးကျော်မိုးထွန်းသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံထားရသူဖြစ်ပြီး နိုင်ငံသားအဖြစ်မှလည်း ပယ်ဖျက်ခံထားရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မရှိတော့ဟု စစ်တပ်က ထုတ်ပြန်ပြောဆိုသည်။
ထို့ပြင် NUG နှင့် PDF များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် စွပ်စွဲထားပြီး ဦးကျော်မိုးထွန်းသည် ယင်းအဖွဲ့များကို ကိုယ်စားပြု၍ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို တင်ပြနေကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးကို ထိခိုက်စေသည်ဟုလည်း စစ်တပ်ကဆိုသည်။
အိတ်ဖွင့်ပေးစာတွင် ဦးကျော်မိုးထွန်းသည် နယူးယောက်ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့၏ ဘဏ်စာရင်းမှ နိုင်ငံတော်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်းကျော်ကို စာရင်းမရှင်းဘဲ အသုံးပြုခဲ့ကြောင်းလည်း စွပ်စွဲထားပြီး ယင်းငွေများမှာ သံရုံးဝန်ထမ်းလစာ၊ ရုံးအသုံးစရိတ်နှင့် ကုလသမဂ္ဂသို့ မြန်မာနိုင်ငံက ပေးဆောင်ရမည့် နှစ်စဉ်ကြေးများဖြစ်ကြောင်း စစ်တပ်က ရေးသားဖော်ပြထားသည်။
ထို့အပြင် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်မှစတင်၍ ကုလသမဂ္ဂသို့ နှစ်စဉ်ကြေး မပေးဆောင်ခဲ့ကြောင်း၊ သို့သော် ဦးကျော်မိုးထွန်းက NUG ထံမှ ငွေကြေးရယူကာ ကုလသမဂ္ဂနှစ်စဉ်ကြေးများ ပေးဆောင်ခဲ့ကြောင်း လူမှုကွန်ရက်များတွင် ပြောဆိုခဲ့သည်ဟုလည်း စစ်တပ်က ဆိုသည်။
ယင်းအိတ်ဖွင့်ပေးစာတွင် ၂၀၂၆ ခုနှစ်၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်၍ မျှတသည့် ရွေးကောက်ပွဲအဖြစ် ဖော်ပြထားပြီး လက်ရှိအစိုးရသည် ပြည်သူများ ရွေးချယ်တင် မြှောက်ထားသည့် တရားဝင်အစိုးရဖြစ်ကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂအနေဖြင့် လက်ရှိအစိုးရက ခန့်အပ်မည့် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အသစ်ကို အမြန်ဆုံး လက်ခံအသိအမှတ်ပြုရန်နှင့် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်ရာထူးမှ ဖယ်ရှားပေးရန် အကြမ်းဖက်စစ်တပ်က တိုက်တွန်းတောင်းဆိုထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်ကာလများအတွင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်ရာထူးမှ ဖယ်ရှားနိုင်ရေးအတွက် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။




