25.3 C
Yangon

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး လူသားမဆန်သော ရက်စက်သည့်လုပ်ရပ်များ တိုးမြှင့်ကျူးလွန်နေမှု အမြန်ဆုံးအရေးယူရန် KHRW တောင်းဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၃

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ လူသားမဆန်သော ရက်စက်သည့်လုပ်ရပ်များကို တိုးမြှင့်ကျူးလွန်နေပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ဆက်လက်ကျူးလွန်နေမှုအပေါ် နိုင်ငံတကာအသိုက်အဝန်းက အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က တောင်းဆိုလိုက်သည်။

ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် KHRW က ကချင်ပြည်နယ်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်ထားသော “လူသားမဆန်သော ရက်စက်သည့်လုပ်ရပ်များ” ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး စစ်တပ်၏ နိုင်ငံတကာဥပဒေချိုးဖောက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်နိုင်ရေး နိုင်ငံတကာက အရေးပေါ် အရေးယူရန် တိုက်တွန်းထားခြင်းဖြစ်သည်။

“နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ကျူးလွန်ပြီး ကင်းလွတ်ခွင့်ရနေတဲ့ စစ်တပ်ကို အမြန်ဆုံး အရေးယူဆောင်ရွက်သင့်ပြီလို့ ကျနော်တို့အနေနဲ့ ပြောချင်ပါတယ်” ဟု ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ၏ ပြောရေးဆိုခွင့်ရှိသူ Jacob က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

KHRW ၏ အစီရင်ခံစာအရ ကချင်ပြည်နယ်အတွင်း လူဦးရေ ၂၅၀,၀၀၀ နီးပါးသည် နေအိမ်များကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး ယင်းအရေအတွက်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၏ လူဦးရေတစ်မြို့လုံးထက်ပင် ပိုမိုများပြားကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူများအနက် ကလေးငယ် ၇ ဦးလည်း ပါဝင်ခဲ့ကြောင်း KHRW က မှတ်တမ်းတင်ထားသည်။

ထို့ပြင် စစ်တပ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်လက်နက်သဖွယ် အသုံးချနေကြောင်း KHRW က ထောက်ပြသည်။ အကူအညီပေးပို့မှုများကို ပိတ်ပင်တားဆီးခြင်း၊ အင်တာနက်နှင့် မိုဘိုင်းဖုန်းဆက်သွယ်ရေး ဖြတ်တောက်ခြင်းတို့ကြောင့် စစ်ဖြစ်ပွားရာဒေသများ၏ သတင်းအချက်အလက်များ နိုင်ငံတကာအသိုက်အဝန်းထံ အချိန်မီမရောက်ရှိနိုင်သကဲ့သို့ အရေးပေါ်အကူအညီပေးပို့ရေးလည်း နှောင့်နှေးနေကြောင်း သိရသည်။

စစ်တပ်က ကျောင်းများ၊ ဆေးရုံများနှင့် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့်နေရာများအပါအဝင် အများပြည်သူသုံးနေရာများနှင့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း၊ ယင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ အကြိမ်ကြိမ် ထပ်မံထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကလေးငယ်များ၏ ပညာသင်ကြားခွင့်တို့ ပြင်းထန်စွာ ထိခိုက်နေကြောင်း KHRW က ဆိုသည်။

စစ်ကိုင်းငလျင်အပြီး ယာယီအပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်းပင် စစ်တပ်က တိုက်ခိုက်မှု ၅၅၀ ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် စတင်ခဲ့သည့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ မတိုင်မီကာလ၌လည်း စစ်ရေးတိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“စစ်အုပ်စုအပေါ် ထိရောက်တဲ့ တာဝန်ခံမှုနဲ့ အရေးယူမှု မရှိခြင်းက စစ်သားတွေကို ပိုမိုဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ရဲတင်းလာစေခဲ့ပါတယ်။ ကချင်ပြည်နယ်တစ်ဝန်းမှာ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် အပြစ်မဲ့ပြည်သူတွေဟာ နောက်ထပ်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်ကြောက်ရွံ့စွာ နေထိုင်နေရပါတယ်။ မည်သူတစ်ဦးတစ်ယောက်မျှ လုံခြုံတယ်လို့ မခံစားနိုင်ပါဘူး။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမိန့်ပေးသူတွေနဲ့ ကျူးလွန်သူတွေကို တရားမျှတမှုအောက် ရောက်ရှိစေဖို့နဲ့ စစ်တပ်ထံကို လက်နက်တွေနဲ့ လေယာဉ်ဆီတွေ စီးဆင်းနေတာ ရပ်တန့်စေဖို့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အရေးပေါ် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်” ဟု Jacob က ပြောဆိုသည်။

ယခုအစီရင်ခံစာတွင် မှတ်တမ်းတင်နိုင်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် စစ်အုပ်စု၏ သွားလာခွင့်ကန့်သတ်ချက်များကြောင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပွားနေသော ချိုးဖောက်မှုများ၏ အနည်းငယ်သော အစိတ်အပိုင်းကိုသာ ကိုယ်စားပြုနိုင်ကြောင်း KHRW က ရှင်းလင်းထားသည်။

နိုင်ငံတကာအသိုက်အဝန်းက နိုင်ငံတကာဥပဒေများကို ထိန်းသိမ်းကာကွယ်ရန် ပျက်ကွက်နေခြင်းကြောင့် အာဏာသိမ်းစစ်တပ်သည် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် နိုင်ငံတကာဥပဒေနှင့် လူ့အခွင့်အရေးများကို ဆက်လက်ချိုးဖောက်နေခြင်းဖြစ်ကြောင်း အစီရင်ခံစာက မီးမောင်းထိုးပြထားသည်။

ထို့ကြောင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်ရေး ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှု ပိတ်ပင်ရေး (Global Arms Embargo) ကို ချက်ချင်းချမှတ်ရန်နှင့် စစ်တပ်ထံ လေယာဉ်ဆီ စီးဆင်းမှုကို ဖြတ်တောက်နိုင်ရေး ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် KHRW က နိုင်ငံတကာအသိုက်အဝန်းထံ တောင်းဆိုထားသည်။

အလားတူ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို အမိန့်ပေးသူများ၊ ကိုယ်တိုင်ကျူးလွန်သူများကို တရားဥပဒေအရ အရေးယူနိုင်မှသာ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လုံခြုံမှုနှင့် လွတ်လပ်ခွင့်ကို အာမခံနိုင်မည်ဖြစ်ကြောင်း KHRW က ပြောဆိုသည်။

“မြန်မာစစ်ကောင်စီထံကို ရောက်ရှိနေတဲ့ လေယာဉ်ဆီ၊ လက်နက်၊ ငွေကြေးအရင်းအမြစ်တွေကို ပိတ်ဆို့အရေးယူဖို့ နိုင်ငံတကာအစိုးရတွေက ပျက်ကွက်ခြင်းဟာ ကြားနေဆုံးဖြတ်ချက်တစ်ခု မဟုတ်ပါဘူး။ စစ်တပ်က အရပ်သားတွေကို ဆက်လက်ဗုံးကြဲသတ်ဖြတ်ဖို့ တက်ကြွစွာ ခွင့်ပြုပေးလိုက်တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေအနေနဲ့ အရေးယူပိတ်ဆို့မှုအသစ်တွေ မချမှတ်ဘဲ ကုန်ဆုံးသွားတဲ့ လတိုင်းဟာ စစ်တပ်ကို ကလေးငယ်တွေ၊ နေအိမ်တွေနဲ့ စာသင်ကျောင်းတွေပေါ် ပေါင်ရာနဲ့ချီ အလေးချိန်ရှိတဲ့ ဗုံးတွေ ဆက်လက်ကြဲချခွင့်ပြုလိုက်တဲ့ ဆုံးဖြတ်ချက် ဖြစ်နေပါတယ်” ဟု Jacob က ပြောကြားသည်။

KHRW ၏ အစီရင်ခံစာအသစ်သည် မြေပြင်ရှိ ပြည်သူများ၏ အသံကို နိုင်ငံတကာအသိုက်အဝန်းထံ ပိုမိုကျယ်လောင်စွာ ရောက်ရှိစေရန် ရည်ရွယ်ထားပြီး ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်တပ်၏ တိုက်ခိုက်မှုများ ရပ်တန့်ရေးအတွက် နိုင်ငံတကာက ပိုမိုခိုင်မာပြီး ထိရောက်သော အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်ရန် တောင်းဆိုထားသည်။

ဓာတ်ပုံ- ကချင်ပြည်နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသော ကလေးငယ်များနှင့် ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article