25.3 C
Yangon

အာဆီယံဘုံသဘောတူညီချက်များကို ငြင်းပယ်နေသည့် အကြမ်းဖက်စစ်တပ်နှင့် ပြန်လည်သင့်မြတ်ရေး စေ့စပ်ညှိနှိုင်းရန် ခက်ခဲဟု တိုင်းရင်းသား EROs၊ NUG အပါအဝင် ဒီမိုကရေစီနိုင်ငံရေးအင် အားစုအဖွဲ့ ၂၀ က သတိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၁၃

အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ပွင့်ပွင့်လင်းလင်း ငြင်းပယ်နေသည့် အကြမ်းဖက်စစ်တပ်နှင့် ပြန်လည်သင့်မြတ်ရေး စေ့စပ်ညှိနှိုင်းရန် ခက်ခဲကြောင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ NUG အပါအဝင် ဒီမိုကရေစီနိုင်ငံရေးအင်အားစုအဖွဲ့ ၂၀ က ပူးတွဲသတိပေးလိုက်သည်။

မြန်မာ့ဒီမိုကရေစီနိုင်ငံရေးအင်အားစု ၂၀ ခုက “ဘုံသဘောတူညီချက် ၅ ချက်နှင့်အညီ မျှတသော အဆင့် မြင့် အာဆီယံတွေ့ဆုံဆွေးနွေးမှုဖြစ်စေရန် မြန်မာ့ဒီမိုကရေစီနိုင်ငံရေးအင်အားစုများ တောင်းဆိုခြင်း” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်၍ ယင်းသို့ သတိပေးတောင်းဆိုခြင်းဖြစ်သည်။

မြန်မာ့ဒီမိုကရေစီနိုင်ငံရေးအင်အားစုများနှင့် မျှတသော အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှု မရှိဘဲ စစ်အာဏာ ပိုင်များ၏ ကိုယ်စားလှယ်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်း အဝေး ကျင်းပရန် ဆုံးဖြတ်ခဲ့မှုအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်း အဖွဲ့အစည်း ၂၀ ခုက ပြောဆိုသည်။

မြန်မာ့အရေးအပေါ် အာဆီယံ၏ ပါဝင်ပတ်သက်မှုသည် မျှတမှုနှင့် အားလုံးပါဝင်နိုင်မှုရှိရမည်ဖြစ်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်၏ စာသားနှင့် ရည်ရွယ်ချက်တို့ကို လိုက်နာရန် လိုအပ်ကြောင်း၊ ယင်းသို့ မျှတမှုကို ထိန်းသိမ်းခြင်းသည် အာဆီယံ၏ ဂုဏ်သိက္ခာနှင့် ရေရှည်တည်တံ့သော နိုင်ငံရေးအဖြေ ရရှိရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အာဆီယံ၏ ကိုယ်ပိုင်မူဘောင်ကို ပွင့်ပွင့်လင်းလင်း ငြင်းပယ်ထားသည့် အဖွဲ့အစည်းတစ်ခုနှင့် အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး၊ အဆိုပါမူဘောင် အကောင်အထည်ပေါ်လာစေရန် အာဆီယံနှင့် သဘောထားမှန်ကန်စွာ အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နေသည့် ဒီမိုကရေစီနိုင်ငံရေးအင်အားစုများနှင့် ဆွေးနွေးမှုများကို လျှော့ချနေခြင်းအပေါ် ပြန်လည်သင့်မြတ်စေ့စပ်ညှိနှိုင်းရန် ခက်ခဲလှပါသည်” ဟု ပူးတွဲထုတ်ပြန်ချက်တွင် သတိပေးထားသည်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အတည်ပြုခဲ့ပြီးနောက်ပိုင်း စစ်အာဏာပိုင်များက ၎င်းတို့၏ ကတိကဝတ်များကို အစဉ်တစိုက် လျစ်လျူရှုခဲ့ပြီး စစ်ရေးထိုးစစ်ဆင်မှုများ၊ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခွင့်များအပေါ် ပိတ်ပင်ကန့်သတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ထောက်ပြထားသည်။

ထို့ပြင် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် လွှတ်တော်က အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ငြင်းပယ်သည့် အဆိုတစ်ရပ်ကို တရားဝင်အတည်ပြုခဲ့ကြောင်း ဒီမိုကရေစီနိုင်ငံရေးအင်အားစုများက ဆိုသည်။

“ဒါဟာ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ရုံသက်သက် မဟုတ်ပါဘူး။ အာဆီယံက သဘောတူထားတဲ့ နိုင်ငံရေးမူဘောင်ကို ယခုအခါ အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုတွေကနေတစ်ဆင့် နေရာပေးမြှင့်တင်ခံနေရတဲ့ အဖွဲ့အစည်းကိုယ်တိုင်က ပြောင်ပြောင်တင်းတင်း ငြင်းပယ်လိုက်ခြင်း ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့ဒီမိုကရေစီနိုင်ငံရေးအင်အားစုများသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌများ၏ မြန်မာ့အရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အာဆီယံအစုအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲများနှင့် အခြားအစည်းအဝေးများမှတစ်ဆင့် အကြမ်းဖက်မှုရပ်တန့်ရေး၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်ရေး၊ လူသားချင်းစာနာမှုအကူအညီများ ရရှိရေးနှင့် အရပ်သားပြည်သူများ ကာကွယ်ရေးတို့အတွက် ဘုံနိုင်ငံရေးရပ်တည်ချက်များ တည်ဆောက်ခဲ့ကြောင်း သိရသည်။

ဘက်စုံလွှမ်းခြုံသော နိုင်ငံရေးအဖြေတစ်ရပ်ကို အဖွဲ့အစည်းတစ်ခုတည်းနှင့် တွေ့ဆုံဆွေးနွေးရုံဖြင့် မရရှိနိုင်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ-SCEF၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း-EROs၊ ဖက်ဒရယ်ယူနစ်များနှင့် အခြားဒီမိုကရေစီနိုင်ငံရေးအဖွဲ့အစည်းများ အပါအဝင် အဓိကအင်အားစုအားလုံးနှင့် အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း တောင်းဆိုထားသည်။

“ဘက်စုံလွှမ်းခြုံသော နိုင်ငံရေးအဖြေတစ်ခုကို အဖွဲ့အစည်းတစ်ခုတည်းနှင့် တွေ့ဆုံဆွေးနွေးရုံဖြင့် မရရှိနိုင်ပါ” ဟု ဒီမိုကရေစီနိုင်ငံရေးအင်အားစုများက အလေးအနက် ပြောဆိုထားသည်။

အာဆီယံအနေဖြင့် ဒီမိုကရေစီလှုပ်ရှားမှုအတွင်းရှိ ပြည်တွင်းဖြစ် ကိုယ်ပိုင်ညှိနှိုင်းရေးယန္တရားများမှတစ်ဆင့် ကိုယ်စားပြုသည့် ဒီမိုကရေစီနိုင်ငံရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံသင့်ပြီး ပြင်ပမှ ကိုယ်စားလှယ်ရွေးချယ်သတ်မှတ်ခြင်းနှင့် ရွေးချယ်ဆွေးနွေးခြင်းများကို ရှောင်ရှားသင့်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် ဒီမိုကရေစီအင်အားစုများအတွင်း စိတ်ဝမ်းကွဲပြားမှုနှင့် အစိတ် စိတ်အမွှာမွှာ ပြိုကွဲမှုများ မဖြစ်ပေါ်စေရန် ကာကွယ်နိုင်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်ကို ကျောင်းသားတပ်မတော်-ABSDF၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH၊ ကချင်နိုင်ငံရေးကြားဖြတ်ညှိနှိုင်းရေးအဖွဲ့-KPICT၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP/ကရင်နီပြည်ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ-IEC၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး)-NMSP(AD)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်-PNLO အပါအဝင် ဒီမိုကရေစီနိုင်ငံရေးအင်အားစု စုစုပေါင်း ၂၀ ခုက ပူးတွဲလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article