25 C
Yangon

မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုအကျပ်အတည်း ကမ္ဘာ့အဆိုးရွားဆုံးအခြေအနေ ဆိုက်ရောက်နေပြီး ပြည်သူ ၁၆ သန်းကျော် အရေးပေါ်အကူအညီလိုအပ်နေဟု ကုလသမဂ္ဂ သတိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်း ကြုံတွေ့နေရသည့် နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ဆက်လက်ရှိနေပြီး နိုင်ငံတစ်ဝန်း ပြည်သူ ၁၆ သန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN Office for the Coordination of Humanitarian Affairs-OCHA) က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးရမှု ဆက်လက်မြင့်တက်လာခြင်း၊ အရပ်သားပြည်သူများ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်များ တိုးပွားလာခြင်းနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့များ၏ သွားလာဝင်ရောက်ခွင့် ကန့်သတ်ခံနေရခြင်းတို့ကြောင့် နိုင်ငံတစ်ဝန်း လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်လိုအပ်ချက်များ ပိုမိုပြင်းထန်လာနေကြောင်း OCHA က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးအထိ ရှိလာမည်ဟု ခန့်မှန်းထားပြီး စစ်ဘေးရှောင်ပြည်သူ အများအပြားမှာ တစ်ကြိမ်တည်း နေရပ်စွန့်ခွာရခြင်း မဟုတ်ဘဲ တိုက်ပွဲများကြောင့် နေရာတစ်ခုမှ တစ်ခုသို့ အကြိမ်ကြိမ် ထွက်ပြေးရွှေ့ပြောင်းနေရသူများဖြစ်ကြောင်း သိရှိရသည်။

လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အထူးသဖြင့် မြန်မာနိုင်ငံ အနောက် မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူအသစ်များ ဆက်လက်တိုးပွားနေပြီး မကြာသေးမီက မကွေးတိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့်ပင် ပြည်သူ ၁ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း OCHA က ထုတ်ပြန်ထားသည်။

၂၀၂၆ ခုနှစ် မတ်လကုန်အထိ နိုင်ငံတကာအလှူရှင်များ၏ ဘဏ္ဍာရေးပံ့ပိုးမှုဖြင့် လူသားချင်းစာနာမှု အကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံတစ်ဝန်း ပြည်သူ ၁ ဒသမ ၆ သန်းထံ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အကူအညီရရှိခဲ့သည့် ပြည်သူ ၁ ဒသမ ၆ သန်းမှာ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း လူသားချင်းစာနာမှု အကူအညီပေးရန် ရည်မှန်းထားသော ပြည်သူ ၄ ဒသမ ၉ သန်း၏ သုံးပုံတစ်ပုံနီးပါးရှိပြီး အလွန်အရေးကြီးသော ဦးစားပေးအကူအညီပေးရန် သတ်မှတ်ထားသူများအနက် ပြည်သူ ၈၃၂,၀၀၀ ဦးထံလည်း အကူအညီများ ရောက်ရှိပေးအပ်နိုင်ခဲ့ကြောင်း OCHA က ဆိုသည်။

သို့ရာတွင် နိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း၊ သွားလာလှုပ်ရှားခွင့်များ ကန့်သတ်ထားခြင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ ခွင့်ပြုချက်များ၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့များက အကူအညီလိုအပ်နေသော ပြည်သူများထံ သွားရောက်ကူညီနိုင်ရေး အဟန့်အတားများ ဆက်လက်ကြုံတွေ့နေရကြောင်း သိရှိရသည်။

အဆိုပါ အခြေအနေများကြောင့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသော ထိခိုက်လွယ်ပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများကို ဘေးကင်းလုံခြုံစွာ၊ စဉ်ဆက်မပြတ်နှင့် အတားအဆီးမရှိ ရောက်ရှိပေးအပ်နိုင်ရေး အရေးတကြီး လိုအပ်နေကြောင်း OCHA က အလေးပေးပြောဆိုထားသည်။

၂၀၂၆ ခုနှစ် နှစ်ဝက်ကာလသို့ ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ် ချက်များ ဆက်လက်မြင့်မားနေသဖြင့် နိုင်ငံတကာအလှူရှင်များ၏ စဉ်ဆက်မပြတ် ဘဏ္ဍာရေးပံ့ပိုးမှုသည် မရှိမဖြစ် အရေးပါနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် အမေရိကန်ဒေါ်လာ သန်း ၈၉၀ လိုအပ်နေသော်လည်း လက်ရှိအချိန်အထိ လိုအပ်သည့် ရန်ပုံငွေ၏ ၄၃ ရာခိုင်နှုန်းသာ ရရှိထားကြောင်း OCHA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

လက်ရှိရရှိထားသော ရန်ပုံငွေများဖြင့် လူသားချင်းစာနာမှု အကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းများက အကူအညီလိုအပ်နေသော ပြည်သူများထံ အသက်ကယ်တင်ရေးဆိုင်ရာ အရေးပေါ်အကူအညီများ ပေးအပ်နိုင်ခဲ့သော်လည်း အဆိုပါ အကူအညီများကို ဆက်လက်ပေးအပ်နိုင်ရန်နှင့် အကူအညီပေးနိုင်သည့် အတိုင်းအတာကို ပိုမိုချဲ့ထွင်ရန် နိုင်ငံတကာအလှူရှင်များ၏ ရန်ပုံငွေပံ့ပိုးမှုများ ဆက်လက်လိုအပ်နေကြောင်း OCHA က တိုက်တွန်းထားသည်။

ဓာတ်ပုံ- Agency ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article