25 C
Yangon

တောင်ငူလေ့ကျင့်ရေးတပ်တွင် မူးယစ်ဆေးဝါးစွဲနေသော စစ်သားက မိသားစုဝင်များကို သေနတ်ဖြင့် ပစ်သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်၊ ပြည်မြို့နယ်တွင်လည်း ရဲတပ်သား ၁ ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ် အဆုံးစီရင်မှုဖြစ်ပွား

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူလေ့ကျင့်ရေးတပ်တွင် စစ်သား ၁ ဦးက မိသားစုဝင်များကို သေနတ်ဖြင့် ပစ်သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း တပ်တွင်းသတင်းရင်းမြစ်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် တောင်ငူမြို့ရှိ လေ့ကျင့်ရေးတပ်အတွင်း၌ စစ်သား လင်မယား ၂ ဦး စကားများ ရန်ဖြစ်ရာမှတစ်ဆင့် လင်ဖြစ်သူက ဇနီးဖြစ်သူ၊ ယောက်ဖဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့အပြင် ကလေးငယ်တစ်ဦးကိုပါ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် ဇနီး၊ ယောက်ဖနှင့် ယောက္ခမဖြစ်သူတို့မှာ နေရာ၌ပင် သေဆုံးခဲ့ပြီး၊ သေနတ်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်မှာမူ ချက်ချင်းသေဆုံးခြင်းမရှိဘဲ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီခန့်တွင် ရရှိထားသော ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ကျူးလွန်သူ စစ်သားသည် ကွမ်းလုံဒေသမှ တောင်ငူသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး တပ်တွင်း၌ ဈေးဆိုင်ဖွင့်လှစ်ထားကြောင်း၊ ၎င်းမှာ မူးယစ်ဆေးဝါး စွဲလမ်းနေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းကလည်း ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့တွင် နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး သေနတ်ဖြင့် မိမိကိုယ်ကိုယ် ပစ်ခတ်ပြီး အဆုံးစီရင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင် ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပေါင်းတလည်မြို့၊ တောင်ပိုင်းရပ်ကွက်ရှိ နယ်မြေရဲစခန်းမှ ရဲတပ်သား ဟိန်းမင်းထက်သည် ၎င်းနေထိုင်ရာ စခန်းမှူးနေအိမ် လိုင်းခန်းအဟောင်းပေါ်၌ ၎င်းကိုင်ဆောင်သည့် BA 63 အမျိုးအစား သေနတ်ဖြင့် မိမိကိုယ်ကိုယ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် ပစ်ခတ်မှုဖြစ်ပွားပြီး ၃ မိနစ်အကြာ ညနေ ၆ နာရီ ၆ မိနစ်ခန့်တွင် ရရှိထားသော သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ဆေးကြောင်တာလား။ ရှေ့တန်းထွက်ရမယ်ဆိုလို့ စိတ်ဓာတ်ကျပြီး သက်သေတာလား မသိရသေးဘူး။ အခုက ရဲကော စစ်ခွေးကောက မူးယစ်ဆေးဝါးတွေ စိတ်ကြိုက် သုံးနေကြတာ” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။ Photo- Agency။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article