ရန်ကုန်၊ ဇူလိုင် ၁၄
အကြမ်းဖက် စစ်တပ်နှင့် စစ်ခေါင်းဆောင်များ၏ ဗေဒင်၊ ယတြာနှင့် အခါတော်ပေးအဖြစ် လူသိများသော ဒေါက်တာဖေဉာဏ် ခေါ် ဦးပညာဝံသကို သတ်ဖြတ်၍ ငွေနှင့် လက်ကိုင်ဖုန်းများ လုယက်ယူ ဆောင်ခဲ့သူ ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုမှာ နိုင်ငံရေးကြောင့်မဟုတ်ဘဲ ငွေရယူရန် လောဘဖြင့် ကြိုတင်ကြံစည်၍ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲသတင်းရင်းမြစ်နှင့် စစ်တပ်၏ သတင်းထုတ်ပြန်ချက်တို့အရ သိရှိရသည်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်တွင် သီတင်းသုံးနေသော ကျောင်းတိုက်ဆရာတော် ဦးပညာဝံသ ခေါ် ဒေါက်တာဖေဉာဏ်ကို သတ်ဖြတ်၍ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်း လုယက်ယူဆောင်ခဲ့သည့် တရားခံ ၅ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။
အသက် ၇၅ နှစ်၊ ရဟန်းဝါ ၁၅ ဝါရှိ ဦးပညာဝံသ ခေါ် ဒေါက်တာဖေဉာဏ်သည် ဇူလိုင်လ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ရှိ ကျောင်းဆောင်အတွင်း ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည်ကို တွေ့ရှိခဲ့ရပြီး ၎င်း၏ လက်ကိုင်ဖုန်း ၂ လုံးလည်း ပျောက်ဆုံးနေကြောင်း သိရှိရသည်။
အဆိုပါ သတ်ဖြတ်မှုနှင့်ပတ်သက်၍ မှော်ဘီမြို့မရဲစခန်းက (ပ)၃၂၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရန် ရဲ၊ စစ်တပ်နှင့် ထွေအုပ် အပါအဝင် ဌာနဆိုင်ရာများပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ကြသည်။ ဒေါက်တာဖေဉာဏ် သတ်ဖြတ်ခံရမှု ဖြစ်ပွားပြီးနောက် သီတင်းတစ်ပတ်ကျော်ကြာသည်အထိ တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသဖြင့် CID မှုခင်းရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စစ်တပ်တို့ ပါဝင်သော ဌာနပေါင်းစုံ ပါဝင်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ရခြင်းဖြစ်သည်။
ဌာနဆိုင်ရာ ပေါင်းစုံ ပါဝင်သော အထူးအမှုစစ်အဖွဲ့က စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်အတွင်း ဝင်ထွက်သွားလာသူများကို စိစစ်ခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာနေ သက်ပိုင်ထွန်း ခေါ် ပိုင်လေး အသက် ၂၀ နှစ်ကို ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။
သက်ပိုင်ထွန်း ခေါ် ပိုင်လေးကို စစ်ဆေးမေးမြန်းရာမှ သတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်သူများကို ဖော် ထုတ်နိုင်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် ကုလားကြီးကုန်းကျေးရွာနေ စိုးရာဇာ ခေါ် စိုးဝင်းကျော် အသက် ၂၂ နှစ်နှင့် ဝေယံနိုင် ခေါ် ဝေယံ အသက် ၁၉ နှစ်တို့ကို ၎င်းတို့၏ နေအိမ်များတွင် အသီးသီး ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ တောင်ငူမြို့နယ်နေ တရားခံ စိုးထက်(ခ)အေကေတီ(၁၉)နှစ်အား ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ငူ မြို့နယ်၊ (၁၉)ရပ်ကွက်ရှိ ညောင်ပင်လေးဈေးအနီး၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် လှိုင်သာယာ အနောက်ပိုင်းမြို့နယ်နေ တိုးဝင်းကျော် ခေါ် တိုးဝေကျော် ခေါ် ကုလား အသက် ၂၈ နှစ်ကို လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်ရှိ ရွှေထိပ်တင် ဘီယာဆိုင်အနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“နိုင်ငံရေးကြောင့် မဟုတ်ပါဘူး။ ငွေလိုချင်လို့ လောဘနဲ့ ကြိုတင်ကြံစည်ပြီး လုပ်ခဲ့တာပါ။ တရားခံအားလုံးကလည်း ဝန်ခံထားပါတယ်” ဟု ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဖမ်းဆီးရမိသော တရားခံများဖြစ်ကြသည့် သက်ပိုင်ထွန်း(ခ)ပိုင်လေး၊ စိုးရာဇာ(ခ)စိုးဝင်းကျော်၊ ဝေယံနိုင်(ခ)ဝေယံနှင့် တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလား၊ စိုးထက်(ခ)အေကေတီတို့ ကို စစ်ဆေးချက်များအရ ၎င်းတို့သည် မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာအတွင်း ပန်းရံလုပ်ကိုင်နေကြသူများဖြစ်သည်။
ဇူလိုင်လ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် သက်ပိုင်ထွန်း(ခ)ပိုင်လေး၏နေအိမ်တွင် ၎င်းတို့ ၅ ဦးတွေ့ဆုံခဲ့ကြပြီး သက်ပိုင်ထွန်း (ခ)ပိုင်လေးမှ ငွေကြေးအဆင်မပြေကြောင်းပြောရာ စိုးရာဇာ(ခ)စိုးဝင်းကျော်မှ မှော်ဘီမြို့နယ်၊ (၂)ရပ်ကွက်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်အတွင်း ဝင်ရောက်ခိုးယူရန် တိုင်ပင်ခဲ့ကြပြီး ည ၁၀ နာရီအချိန်တွင် ၎င်းတို့ ၅ ဦးသည် စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ရှိ ကျောင်းဆောင်အတွင်းသို့ဝင်ရောက်ခဲ့ကြသည်။
ကျောင်းဆောင်အတွင်း ရောက်ရှိစဉ် ဘုန်းကြီး ဒေါက်တာဖေဉာဏ်ကို ကုတင်ပေါ်တွင် ထိုင်လျက်တွေ့ရှိရပြီး ဘုန်းကြီးက ၎င်းတို့အား မြင်တွေ့သွားခဲ့သဖြင့် အသင့်ပါလာသည့် အရိုး/အသွား ၁၈ လက်မခန့်ရှိ ဓားမြှောင် ၁ ချောင်းနှင့် ကျောင်းဆောင်အတွင်းမှ တွေ့ရှိရသည့် စတီးဓား ၁ ချောင်းတို့ဖြင့် ဒေါက်တာဖေဉာဏ်ကို ထိုးသတ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဒေါက်တာဖေဉာဏ်ထံမှ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်းတို့အား လုယက် ယူဆောင်ခဲ့ပြီး ဖုန်း ၂ လုံးအား စိုးရာဇာ(ခ)စိုးဝင်းကျော်နှင့် သက်ပိုင်ထွန်း(ခ)ပိုင်လေးတို့မှ ၁ လုံးစီ ယူဆောင်ကာ ခိုးယူရရှိငွေ ၅ သိန်းကျပ်အား ဝေယံနိုင်(ခ)ဝေယံမှ ၁ သိန်း ၄ သောင်းကျပ်နှင့် တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလားနှင့် ဖမ်းဆီးရန်ကျန်တရားခံ စိုးထက်(ခ)အေကေတီတို့မှ ၁ သိန်း ၈ သောင်းကျပ်စီ ခွဲဝေယူဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။
တရားခံများ၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများ သိမ်းဆည်း ရရှိရေးဆောင်ရွက်ခဲ့ရာ သက်သေ ခံဖုန်း ၂ လုံးအား မှော်ဘီမြို့နယ်ရှိ ဖုန်းအပိုပစ္စည်းအရောင်း များမှလည်းကောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားမြှောင် ၁ ချောင်းနှင့် လောက်လေးခွ ထည့်ထားသည့် ဘေးလွယ်အိတ် ၁ လုံးတို့အား စန္ဒကူးမြိုင် ရိပ်သာကျောင်းဝန်းအတွင်းရှိ ရေမြောင်း အတွင်းမှလည်းကောင်း သိမ်းဆည်းရရှိခဲ့သည်။
လက်ရှိတွင် တရားခံ သက်ပိုင်ထွန်း(ခ) ပိုင်လေး၊ စိုးရာဇာ(ခ)စိုးဝင်းကျော်၊ ဝေယံနိုင်(ခ)ဝေယံ၊ တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလားနှင့် စိုးထက်(ခ)အေကေတီတို့ ၅ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ လူသတ်မှု အပါအဝင် ပုဒ်မများစွာဖြင့် အမှုဖွင့်ထားသည်။
ဒေါက်တာဖေဉာဏ်သည် အာဏာရှင်ဟောင်း သန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့အပါအဝင် စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များ၏ ဗေဒင်၊ ယတြာနှင့် အခါတော်ပေးအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး ရဟန်းဝတ်ဖြင့် မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်တွင် သီတင်းသုံးနေစဉ် ဇူလိုင်လ ၂ ရက်နေ့တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
၎င်းသည် စစ်အာဏာသိမ်းကာလမှစ၍ လက်ရှိအချိန်အထိ စစ်ဘက်၊ အရပ်ဘက်နှင့် ကြံ့ခိုင်ရေးပါတီမှ ခင်ရီအပါအဝင် ခေါင်းဆောင်ပိုင်းများအတွက် ဗေဒင်တွက်ချက်ခြင်း၊ ယတြာပြုလုပ်ပေးခြင်းနှင့် အခါတော်ပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ဝန်ကြီးဌာနများ၏ ဘာသာရေးအခမ်းအနားများသို့လည်း မကြာခဏ ဖိတ်ကြားခံရသူဖြစ်ပြီး စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာများအတွက် ကပ်ကျော်၊ ဘေးကျော်ရန် ရည်ရွယ်သည်ဆိုသော အမြင့် ၄၅ ပေရှိ ထိုင်တော်မူဘုရားကြီးတစ်ဆူ သွန်းလုပ်နေစဉ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
ဒေါက်တာဖေဉာဏ်က အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကုန်းဘောင်မင်းဆက် အနွယ်ဝင် ဘုရင်မျိုးရိုးနှင့် အနွယ်တော်ဖြစ်ပြီး ဘုန်းတန်ခိုးကြီးသူဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မကြာခဏ မြှောက်ပင့်ချီးကျူး ရေးသားခဲ့ဖူးသည်။
ဒေါက်တာဖေဉာဏ်သည် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ စန္ဒကူးမြိုင်လမ်းရှိ စန္ဒကူးမြိုင် ရိပ်သာဘုန်းတော်ကြီးကျောင်းဝင်းတွင် နေထိုင်စဉ် အသက် ၇၅ နှစ်၊ သိက္ခာတော် ၁၅ ဝါအရွယ်၌ သတ်ဖြတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
၎င်းသည် သန်းရွှေ ဦးဆောင်သော နအဖစစ်အစိုးရခေတ်တစ်လျှောက် ဗေဒင်ယတြာ အခါတော်ပေးနှင့် နက္ခတ်ပညာရှင်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန်အတွက်လည်း ဗေဒင်တွက်ချက်ခြင်း၊ ယတြာနှင့် အခါတော်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။
ဒေါက်တာဖေဉာဏ်သည် တိရစ္ဆာန်ဆေးကုဆရာဝန်ဘွဲ့ ရရှိထားသူတစ်ဦးဖြစ်သော်လည်း နောက်ပိုင်းတွင် ဆေးကုသသည့်လုပ်ငန်းကို စွန့်လွှတ်၍ ဗေဒင်၊ ယတြာနှင့် နက္ခတ်ပညာဘက်သို့ ကူးပြောင်းခဲ့ကာ ရဟန်းဝတ်ပြီးနောက် မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် ရိပ်သာဘုန်းတော်ကြီးကျောင်းကို ထူထောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။






