ရန်ကုန်၊ ဇူလိုင် ၁၄
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ မိုဘိုင်းလက်ကိုင်ဖုန်း ယူဆောင်လာသည့် ခရီးသည်တစ်ဦးလျှင် တစ်နှစ်အတွင်း မိုဘိုင်းဖုန်း ၂ လုံးအထိသာ ယူဆောင်မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး စစ်တပ်၏ CEIR စနစ်တွင် မှတ်ပုံတင်ခြင်းမရှိသော ဖုန်းများကို ပြည်တွင်းဆက်သွယ်ရေးကွန်ရက်တွင် အသုံးပြုခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း စစ်တပ်က အသိပေးကြေညာသည်။
ပြည်ပမှ မိုဘိုင်းဖုန်း ယူဆောင်လာသူများအနေဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ် အကောက်ခွန်ကောင်တာတွင် မိမိတို့ ယူဆောင်လာသည့် ဖုန်းများကို မဖြစ်မနေ ကြေညာရမည်ဖြစ်ပြီး Passenger Declaration Form-PD Form ဖြည့်စွက်ကာ ဖုန်း၏ IMEI နံပါတ်ကိုပါ ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။
အကောက်ခွန်တွင် ကြေညာထားခြင်းမရှိဘဲ ပြည်တွင်းသို့ ယူဆောင်လာသည့် မိုဘိုင်းဖုန်းများမှာ CEIR စနစ်တွင် မှတ်ပုံတင်နိုင်မည်မဟုတ်ဘဲ ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ၌ အသုံးပြုခွင့် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် သတ်မှတ်စည်းမျဉ်းများနှင့်အညီ ကြေညာမှတ်ပုံတင်ခြင်းမရှိသည့် မိုဘိုင်းဖုန်းများအတွက် သတ်မှတ်ဒဏ်ကြေးများ ပေးဆောင်ရမည့် အခြေအနေရှိကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။
CEIR စနစ်၌ မှတ်ပုံတင်ရန်အတွက် ခရီးသည်များက CEIR OSS အဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ Passport မူရင်း၊ လေဆိပ်လူဝင်မှုကြီးကြပ်ရေး ရောက်ရှိတံဆိပ်ပါ စာ မျက်နှာ၊ Boarding Pass မူရင်း၊ လေယာဉ်လက်မှတ် မူရင်းနှင့် Passenger Declaration Form-PD Form မူရင်းတို့ကို တင်ပြရမည်ဖြစ်သည်။
လေဆိပ်အကောက်ခွန်တွင် ဖြည့်စွက်ထားသည့် PD Form သည် ကြေညာသည့်နေ့မှစတင်၍ ရက်ပေါင်း ၃၀ အတွင်းသာ CEIR မှတ်ပုံတင်ရန် အကျုံးဝင်မည်ဖြစ်ပြီး ရက်ပေါင်း ၃၀ ကျော်လွန်ပါက CEIR စနစ်တွင် လျှောက်ထားနိုင်ရေးအတွက် ဒဏ်ကြေးများ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အထူးသဖြင့် ခရီးသည်တစ်ဦးလျှင် PD Form ကြေညာသည့်နေ့မှစတင်၍ တစ်နှစ်အတွင်း မိုဘိုင်းလက်ကိုင်ဖုန်း ၂ လုံးအထိသာ CEIR စနစ်၌ မှတ်ပုံတင်လျှောက်ထားနိုင်မည်ဖြစ်ရာ ပြည်ပမှ မိုဘိုင်းဖုန်းများ ယူဆောင်လာသူများအပေါ် စစ်ကောင်စီက ပိုမိုတင်းကျပ်သည့် ထိန်းချုပ်ကန့်သတ်မှုများ စတင်လုပ်ဆောင်လာခြင်းဖြစ်သည်




