25.3 C
Yangon

ယင်းမာပင်-ပုလဲ လမ်းပိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ပြည်သူထောင်နှင့်ချီ ထွက်ပြေးနေရ၊ စကုမြို့တွင်လည်း စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းထား

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်တို့ကို ဆက်သွယ်ထားသော လမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်က နယ်မြေစိုးမိုးနိုင်ရေးအတွက် ကျေးရွာများအတွင်း မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်နေသဖြင့် ကျေးရွာ ၉ ရွာကျော်မှ ပြည်သူထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှစတင်၍ ယနေ့ ဇူလိုင်လလယ်ပိုင်းအထိ အကြမ်းဖက်စစ်တပ်က ယင်းမာပင်-ပုလဲ ဆက်သွယ်ရေးလမ်းဘေး ဝဲယာရှိ ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ လူမရှိသည့် ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ လမ်းပိုင်းတစ်လျှောက် ကင်းလှည့်ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ယင်းမာပင်မြို့နယ် ဆင်စွယ်ကျေးရွာဝန်းကျင်တွင် တစ်လကျော်ကြာ စစ်ကြောင်းထိုး၍ နယ်မြေစိုးမိုးရေး လုပ်ဆောင်ခဲ့ပြီးနောက် ယင်းမာပင်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် လက်ရှိတွင် လည်ငေါက်ကျေးရွာ၌ စစ်အင်အားတချို့ အထိုင်ချထားပြီး ပုလဲမြို့ဘက်သို့ စစ်ကြောင်းတစ်ကြောင်း ခွဲထွက်ကာ ယင်းမာပင်နှင့် ပုလဲမြို့တို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းအား ထိန်းချုပ်စိုးမိုးနိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။

စစ်တပ်၏ စစ်ကြောင်းထိုးလှုပ်ရှားမှုများကြောင့် ယင်းမာပင်-ပုလဲ လမ်းပိုင်းပေါ်ရှိ လည်ငေါက်၊ လက်တောင်းငယ်၊ သရက်ကန်၊ မကျည်းကန်၊ လက်တောင်းကြီးနှင့် အလယ်ဘုံကျေးရွာတို့မှ ပြည်သူများသည် စစ်ကြောင်းလာရောက်တိုင်း ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“စစ်ခွေးစစ်ကြောင်းတွေက ယင်းမာပင်နဲ့ ပုလဲဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာ အတားအဆီးမရှိတော့ မကြာခဏ သွားလာနေတာ။ ပြီးရင် လည်ငေါက်၊ လက်တောင်းငယ်၊ သရက်ကန်၊ မကျည်းကန်၊ လက်တောင်းကြီးနဲ့ အလယ်ဘုံရွာတွေကို ဝင်တယ်။ လူမရှိတဲ့အိမ်တွေက သူတို့လိုချင်တဲ့ ပြည်သူပိုင်ပစ္စည်းမှန်သမျှ အကုန်ခိုးယူတယ်။ နယ်မြေစိုးမိုးရေးအတွက် လမ်းမကြီးကို ထိန်းချုပ်သွားလာနိုင်တယ်ဆိုတာ ပြချင်တဲ့သဘောပါ။ ပြည်သူတွေကတော့ သူတို့လာပြီကြားရင် ပြေးကြရတာပဲ။ ၁ ရက်ခြားတစ်ခါဆိုသလို ထွက်လာနေတယ်။ ငြိမ်သွားပြီထင်ရင် ပြန်ထွက်လာကြပြန်တယ်။ မြို့ ၂ မြို့ဝန်းကျင်ကို ကင်းလှည့်တဲ့ပုံစံ၊ နယ်မြေလုံခြုံရေးလုပ်တဲ့ပုံစံမျိုးနဲ့ သွားလာနေကြတာ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယင်းမာပင်မြို့ဘက်မှ စစ်ကြောင်းထွက်လာတိုင်း လမ်းဘေးရှိ ငါးမောင်းနှင့် တမာပင်ခွကျေးရွာတို့မှ ပြည်သူများပါ စိုးရိမ်ထိတ်လန့်စွာ ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် စုစုပေါင်း ကျေးရွာ ၉ ရွာကျော်မှ ပြည်သူထောင်နှင့်ချီ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

အလားတူ ပုလဲမြို့ဘက်မှ စစ်တပ်စစ်ကြောင်း ထွက်လာပါက ယင်းမာပင်-ပုလဲ လမ်းမဘေးတိုက်ရိုက်တွင် မရှိသော ချောင်းကန်ကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများပါ စစ်ကြောင်းဝင်ရောက်လာမည်ကို စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက လမ်းမှာတွေ့တဲ့ ပြည်သူတွေကို ကိုယ့်အိမ်ကိုယ်နေကြပါလို့ ဟန်ဆောင်ပြောတာမျိုးရှိတယ်။ ဒါပေမဲ့ ပြည်သူတွေက စစ်ခွေးတွေကို မယုံရဲကြဘူး။ စစ်ကြောင်းလာပြီလို့ အသံကြားတာနဲ့ အသက်လုပြီး ဘေးလွတ်ရာကို ပြေးကြတာပဲ။ အခုက မြို့ ၂ မြို့ ဆက်သွယ်ရေးလမ်းကို သူတို့စိုးမိုးနိုင်တယ်ဆိုတာ ပြသချင်လို့ မကြာခဏ ကင်းလှည့်တဲ့ပုံစံ၊ နယ်မြေလုံခြုံရေးပုံစံမျိုးနဲ့ သွားလာနေကြတာ” ဟု ဒေသခံပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ စကုမြို့အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်၍ အမျိုးသမီးများအပါအဝင် ပြည်သူအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားရာ ၁ လနီးပါးကြာသည်အထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘဲ ပြည်သူပိုင်နေအိမ်များမှ ရွှေနှင့် တန်ဖိုးကြီးပစ္စည်းများကိုလည်း ခိုးယူလုယက်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့မှစတင်၍ မင်းဘူး (စကု) မြို့နယ်အခြေစိုက် ခလရ ၁၀၊ ခလရ ၈၈ နှင့် နယ်မြေခံ ပျူစောထီးများ ပူးပေါင်းထားသော စစ်တပ်စစ်ကြောင်းက စကုမြို့နယ်အတွင်းရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းသည် ကိုင်းတောကြီး၊ ကိုင်းတောလေးနှင့် တဲကုန်းရွာသစ်ဘက်မှ စတင်စစ်ကြောင်းထိုးလာပြီး ပေါင်းရွာ၊ ကုတင်ကုန်းနှင့် မြောင်းဦးကျေးရွာတို့မှ အမျိုးသားနှင့် အမျိုးသမီး ပြည်သူအချို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းဖြစ်ပြီး ဇွန်လလယ်ပိုင်းမှ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့အထိ ၁ လနီးပါးကြာမြင့်လာသော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် ပြည်သူအရေအတွက်နှင့် အသက်အရွယ်များကို အတိအကျ မသိရှိရသေးသော်လည်း အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့ပြင် စစ်တပ်စစ်ကြောင်းက ပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးသွားသည့် နေအိမ်များအတွင်း ဝင်ရောက်ကာ ရွှေထည်ပစ္စည်းများနှင့် အခြားတန်ဖိုးကြီးပစ္စည်းများကို ခိုးယူလုယက်နေကြောင်း၊ လက်ရှိအချိန်အထိ နေအိမ်များကို မီးရှို့ဖျက်ဆီးမှု မရှိသေးကြောင်း သိရှိရသည်။

စစ်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပေါင်းရွာ၊ ကသက်၊ မဲချောင်၊ ခွန်သာ၊ မြောင်းဦး၊ ကုတင်ကုန်း၊ ကြီးကန်၊ ဖြူကုန်း၊ ကူရွာ၊ ညောင်ကုန်းလေး၊ စည်သာ၊ ရွှေချောင်း၊ ချင်းကုန်း၊ ပန်းလွှား၊ မကျီးချောင်း၊ ပေါင်းရွာလေးနှင့် တောကျောင်းကုန်း အပါအဝင် ကျေးရွာ ၂၀ နီးပါးမှ ပြည်သူတစ်သောင်းခန့်မှာ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မကွေးမြို့ဘက်က ထွက်လာတဲ့ စစ်ကြောင်းပါ။ အရင်လ ၁၅ ရက်နေ့ကတည်းက ကိုင်းတောကြီး၊ ကိုင်းတောလေး၊ တဲကုန်းရွာသစ်ဘက်ကနေ စပြီး စစ်ကြောင်းထိုးလာတာ။ မင်းဘူး (စကု) မြို့နယ် ခလရ ၁၀၊ ခလရ ၈၈ နဲ့ နယ်မြေခံပျူစောထီးတွေ ပူးပေါင်းထားတဲ့ စစ်ကြောင်းပါ။ စစ်ကြောင်းကြောင့် စကုမြို့နယ်ထဲက ကျေးရွာ ၂၀ နီးပါးက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်။ ပြည်သူတစ်သောင်းခန့် ရှိပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “နေအိမ်တွေကို မီးရှို့တာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျေးရွာက နေအိမ်တွေထဲက ရွှေနဲ့ အခြားတန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ သိရတယ်။ ပေါင်းရွာ၊ ကုတင်ကုန်းနဲ့ မြောင်းဦးကျေးရွာက အမျိုးသား၊ အမျိုးသမီးတွေကို ဖမ်းဆီးထားပြီး အခု ၁ လနီးပါးကြာတဲ့အထိ ပြန်လွှတ်တာ မရှိသေးပါဘူး။ အရေအတွက်နဲ့ အသက်အရွယ်တွေကိုတော့ အသေးစိတ် မသိရသေးဘူး” ဟု ပြောဆိုသည်။

လက်ရှိတွင် အဆိုပါ စစ်တပ်စစ်ကြောင်းသည် ပေါင်းရွာကျေးရွာနှင့် ခံကုန်းကျေးရွာတို့တွင် ရောက်ရှိနေပြီး စစ်ကြောင်းလှုပ်ရှားမှုများ ဆက်လက်ရှိနေသဖြင့် ဒေသခံပြည်သူများမှာ နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာတွင် ဆက်လက်တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ဘေးရှောင်ပြည်သူများက မိမိတို့၏ ကျေးရွာကို စစ်တပ်၏ ဖျက်ဆီးမှုကြောင့် မီးလောင်နေသည်ကို အဝေးမှ ငေးကြည့်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article