ရန်ကုန်၊ ဇူလိုင် ၁၄
ပြည်တွင်းသို့ စားအုန်းဆီတင်သွင်းမှုနှင့် စားအုန်းဆီခွဲတမ်းများ လျှော့ချမည့်အစီအစဉ်ကို ဒုသမ္မတ ညိုစော၏ ညွှန်ကြားချက်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး မင်းမင်းက ဆီကုန်သည်များနှင့် ကုမ္ပဏီများကို ခေါ်ယူအသိပေးခဲ့ကြောင်း UMFCCI သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
ဇွန်လ နောက်ဆုံးပတ်အတွင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် စားအုန်းဆီအသင်းနှင့် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများကို အစည်းအဝေးခေါ်ယူခဲ့ပြီး ပြည်တွင်းသို့ စားအုန်းဆီတင်သွင်းမှုနှင့် ဒေသအလိုက် ခွဲဝေပေးနေသည့် စားအုန်းဆီခွဲတမ်းများ လျှော့ချမည့် အစီအစဉ်ကို အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စားအုန်းဆီတင်သွင်းမှုနှင့် ခွဲတမ်းလျှော့ချရေးကို ဒုသမ္မတ ညိုစောက ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး မင်းမင်းက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း UMFCCI သတင်းရင်းမြစ်ထံမှ သိရှိရသည်။
အထူးသဖြင့် ရန်ကုန်တိုင်းအတွက် မူလက လစဉ် စားအုန်းဆီတန်ချိန် ၁၄၀၀၀ ကျော် ခွဲဝေပေးနေရာမှ တန်ချိန် ၆၀၀၀ ကျော်အထိ လျှော့ချရန် စီစဉ်ထားကြောင်း၊ ယင်းသို့ စားအုန်းဆီခွဲတမ်း ထက်ဝက်ကျော် လျှော့ချမည့် အခြေအနေကြောင့် ရန်ကုန်တိုင်း မြို့နယ်အသီးသီးရှိ ပြင်ပဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း သိရှိရသည်။
ဇူလိုင်လဆန်းပိုင်းမှစတင်၍ ရန်ကုန်တိုင်းတွင် လူတစ်ဦးလျှင် တစ်လ စားအုန်းဆီ ၅၀ ကျပ်သားသာ ဝယ်ယူခွင့်ပြုတော့မည်ဖြစ်ပြီး ပြင်ပစားအုန်းဆီဈေးကွက်တွင်လည်း စားအုန်းဆီ ၁ ပိဿာလျှင် ငွေကျပ် ၁၆၀၀၀ မှ ၂၀၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။
“စားအုန်းဆီခွဲတမ်း လျှော့မယ့်ကိစ္စကို ဇွန်လနောက်ဆုံးပတ်က နေပြည်တော် စီးကူးရုံးမှာ ဆီအသင်းနဲ့ ကုမ္ပဏီတွေကို အစည်းအဝေးခေါ်ပြီး အသိပေးခဲ့တာပါ။ ဒုသမ္မတ ညိုစောရဲ့ ညွှန်ကြားချက်နဲ့ ဒုဝန်ကြီး မင်းမင်းက လုပ်တာ။ ရန်ကုန်တိုင်းအတွက်ဆိုရင် အရင် လစဉ်ဆီတန်ချိန် ၁၄၀၀၀ ကျော်ကနေ တန်ချိန် ၆၀၀၀ ကျော်အထိ လျှော့မယ်လို့ သိရတယ်။ အခု ပြင်ပဈေးကွက်မှာ ဆီဈေးတွေ တအား တက်လာပြီ” ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။
မြန်မာနိုင်ငံသို့ လစဉ် စားအုန်းဆီတင်သွင်းခွင့်နှင့် ကုမ္ပဏီများကို စားအုန်းဆီတင်သွင်းခွင့် ကိုတာ-Quota ချထားပေးမှုကို စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ချုပ်ကိုင်ထားကြောင်း သိရှိရသည်။ အဆိုပါကော်မတီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး မင်းမင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ကျော်ကျော်လွင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ လစဉ် စားအုန်းဆီတင်သွင်းခွင့် ခွဲတမ်းများကို ခွဲဝေချထားပေးနေခြင်းဖြစ်သည်။
ဒုဝန်ကြီး မင်းမင်း ဦးဆောင်သော ကော်မတီက စားအုန်းဆီတင်သွင်းခွင့် ကိုတာ ခွဲဝေချထားပေးရာတွင် ကုမ္ပဏီများအကြား မညီမျှမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများရှိနေပြီး နီးစပ်သည့် ကုမ္ပဏီများကို အခွင့်အရေးပိုမိုပေးထားကြောင်း ရန်ကုန်ခေတ်သစ်က ရရှိထားသော အချက်အလက်များနှင့် UMFCCI သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ထို့ပြင် ဒုဝန်ကြီး မင်းမင်းက သူနှင့်နီးကပ်ရင်းနှီးသော ကုမ္ပဏီတစ်ခုကို ရန်ကုန်တိုင်းမှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်များသို့ စားအုန်းဆီ သယ်ယူပို့ဆောင်ရေး လုပ်ကိုင်ခွင့်ပေးထားပြီး ပြင်ပဈေးကွက်ရှိ သယ်ယူပို့ဆောင်ခထက် ဈေးနှုန်းပိုမိုမြင့်မားသောနှုန်းဖြင့် ပို့ဆောင်ခွင့်ပြုထားကြောင်း သိရှိရသည်။
“ဒုဝန်ကြီး မင်းမင်း တာဝန်ယူထားတဲ့ SKD ကား၊ EV ကား၊ စားအုန်းဆီနဲ့ Online လိုင်စင်ကိစ္စတွေ တောက်လျှောက် ပြဿနာတက်နေတာ။ လာဘ်စားဖို့ပဲ သိပြီး ကြီးကြပ်စီမံမှု အားနည်းတယ်။ သူနဲ့ရင်းနှီးတဲ့ ကုမ္ပဏီတစ်ခုကို ရန်ကုန်တိုင်းကလွဲပြီး ကျန်တစ်နိုင်ငံလုံး စားအုန်းဆီသယ်ယူပို့ဆောင်ရေးကို ပြင်ပကားခထက် ဈေးကြီးတဲ့နှုန်းနဲ့ ပို့ဆောင်ခွင့်ပေးထားတယ်” ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။
စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ အတွင်းရေးမှူး ဒုညွှန်ချုပ်ကျော်ကျော်လွင်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအထိ ရန်ကုန်တိုင်း စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် လုပ်ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ကျော်ကျော်လွင် တာဝန်ယူစဉ် ရန်ကုန်တိုင်းအတွင်း ပြည်သူများထံ ရောင်းချပေးရမည့် စားအုန်းဆီနှင့် စက်ရုံများအတွက် ခွဲဝေပေးသည့် စားအုန်းဆီများကို UMFCCI မှ ရဲမြင့်မောင်၊ စားသောက်ကုန်အသင်းမှ အောင်ရွှေနှင့် ဆီအသင်းအတွင်းရေးမှူး လှိုင်မျိုးတို့နှင့် ပူးပေါင်း၍ အကျိုးအမြတ်ရယူမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
စားအုန်းဆီဈေးနှုန်း မြင့်တက်လာချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးမည်ဟုဆိုကာ အရောင်ပြစစ် ဆေးမှုများ ပြုလုပ်ခြင်း၊ ဓာတ်ပုံရိုက်၍ လူမှုကွန်ရက်ပေါ်တင်ခြင်းများသာ လုပ်ဆောင်ခဲ့ပြီး မြို့နယ်များတွင် ပြည်သူများ စားအုန်းဆီခွဲတမ်းမရရှိခြင်းနှင့် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူနေရခြင်းတို့ကို ထိရောက်စွာ ဖြေရှင်းခြင်းမရှိကြောင်း သိရှိရသည်။
“ဆီဈေးကြီးလို့ မြေပြင်စစ်မယ်ဆိုပြီး အရောင်ပြစစ်၊ ဓာတ်ပုံရိုက်၊ လိုင်းပေါ်တင်တာပဲ လုပ်တတ်ကြတယ်။ ဆီအသင်းကို ဖုန်းဆက်ပြီး ဆီမှာလို့လည်း မရတော့ဘူး။ မြို့နယ်တွေမှာ ပြည်သူတွေ ဆီခွဲတမ်းမရတာ၊ ဈေးအရမ်းကြီးပေး ဝယ်နေရတာကို မသိသလို နေကြတယ်” ဟု UMFCCI သတင်းရင်းမြစ်က ရှင်းပြသည်။
ရန်ကုန်မြို့တွင် လွန်ခဲ့သည့် ဇွန်လအတွင်း စက်ရုံသုံးရန်ဟုဆိုကာ စားအုန်းဆီပေပါ အများအပြား လျှောက်ထားရယူပြီး ပြင်ပမှောင်ခိုဈေးကွက်သို့ ထုတ်ရောင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ယင်းကိစ္စနှင့်ပတ်သက်သူများကို ခေါ်ယူစစ်ဆေးမှုများလည်း ဖြစ်ပွားနေကြောင်း သိရှိရသည်။
စီးပွား/ကူးသန်း ဒုဝန်ကြီး မင်းမင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၃ ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ကြီးဘဝမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အရပ်ဘက်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန် ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယဝန်ကြီးရာထူးများအထိ အဆင့်ဆင့် တာဝန်ယူခဲ့ပြီးနောက် မင်းအောင်လှိုင်လက်ထက်တွင် ဒုဝန်ကြီးဖြစ်လာသူဖြစ်သည်။




