ရန်ကုန်၊ ဇူလိုင် ၁၅
အာဆီယံက မြန်မာစစ်တပ်နှင့် “ချိန်ညှိ၍ ပြန်လည်ထိတွေ့ဆက်ဆံရေး” လုပ်ဆောင်လာမှုမှာ မြန်မာ ပြည်သူများအတွက် မြင်သာသည့် လက်တွေ့အကျိုးရလဒ် တစ်စုံတစ်ရာ မရရှိဘဲ စစ်အာ ဏာရှင်စနစ်ကို ပုံမှန်အုပ်ချုပ်ရေးစနစ်တစ်ခုကဲ့သို့ အသိအမှတ်ပြု တရားဝင်မှု ပေးသည့်အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ APHR က သတိပေးလိုက်သည်။
ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် APHR က ထုတ်ပြန်သည့် ကြေညာချက်၌ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အပြောင်းအလဲနှင့် စစ်ကောင်စီဘက်သို့ ပြန်လည်ထိတွေ့ဆက်ဆံလာမှုအပေါ် ပြင်း ပြင်းထန်ထန် ဝေဖန်ထားခြင်းဖြစ်သည်။
“ဒါကို အာဆီယံက တိုးတက်မှုလို့ ခေါ်လို့မရပါဘူး။ အခု ကျမတို့ မြင်နေရတာက သံတမန်ရေးရာ အသုံး အနှုန်းတွေနဲ့ ဖုံးကွယ်ထားတဲ့ စစ်အာဏာရှင်စနစ်ကို ပုံမှန်ဖြစ်အောင် လုပ်ပေးနေတာပါ။ ၅ နှစ်ကြာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုကို တာဝန်ခံမှုနဲ့ တုံ့ပြန်ရမယ့်အစား သူတို့ကို ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်မှာ နေရာပေးလိုက်တာ ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှား အောက်လွှတ်တော်အမတ်နှင့် APHR ဥက္ကဋ္ဌ Mercy Chriesty Barends က ပြောဆိုသည်။
APHR ၏ အဆိုအရ အာဆီယံဥက္ကဋ္ဌဘက်မှ ထုတ်ပြန်ချက်များတွင် “ယုံကြည်မှု တည်ဆောက်ရေး” နှင့် “ချိန်ညှိ၍ ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရေးအတွက် အခြေအနေများ” ဆိုသည့် စကားလုံးများကို စ တင်အသုံးပြုလာသော်လည်း အခြားတစ်ဖက်တွင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်သည် ဆက် လက်အသက်ဝင်နေဆဲဖြစ်ကြောင်း အာဆီယံက ပြောဆိုနေဆဲဖြစ်သည်။
သို့သော် စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်လွှတ်တော်က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းသည့် အဆိုတစ်ရပ် အတည်ပြုခဲ့ပြီး ရက်ပိုင်းအကြာတွင် အာဆီယံက ယင်းဘုံသဘောတူညီချက်ကို မြန်မာ့အရေး ဖြေရှင်းရေးအတွက် “အဓိက ကိုးကားရမည့် မူဘောင်” အဖြစ် ဆက်လက်ပြောဆိုနေခြင်းမှာ အနှစ်သာရမရှိသည့် ပြောဆိုချက်သာဖြစ်ကြောင်း APHR က ထောက်ပြသည်။
ထို့ပြင် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်အကောင် အထည်ဖော်ရမည်ဟု လူသိရှင်ကြား ပြန်လည်အတည်ပြု ပြောဆိုထားမှုများကလည်း မြန်မာ့အရေး မူဝါဒအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တစ်သဘောတည်းမရှိဘဲ သဘောထားကွဲလွဲမှုများ ရှိနေကြောင်း ပြသနေသည်ဟု APHR က ဆိုသည်။
မြန်မာပြည်သူများအနေဖြင့် စစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့် မြို့ပြ၊ ကျေးလက်ဒေသများအကြား လုံခြုံရေးအခြေအနေ ပိုမိုကွာဟလာခြင်းတို့ကို ဆက်လက်ရင်ဆိုင်နေရချိန်တွင် အာဆီယံ၏ ယခုဆွေးနွေးမှုများက မြေပြင်အခြေအနေကို လက်တွေ့ကျကျ ပြောင်းလဲပေးနိုင်ခြင်းမရှိကြောင်း APHR က ပြောဆိုသည်။
အာဆီယံအနေဖြင့် သံတမန်ရေးမူဝါဒ ပြန်လည်ချိန်ညှိမှုများ လုပ်ဆောင်ရာတွင် စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာပြည်သူများ တောင်းဆိုနေသည့် တာဝန်ခံမှုနှင့် တရားမျှတမှုတို့ကို စတေး၍ မလုပ်ဆောင်သင့်ကြောင်း APHR က တိုက်တွန်းထားသည်။
အထူးသဖြင့် နေပြည်တော်နှင့် ပြန်လည်ထိတွေ့ဆက်ဆံမှုတိုင်းကို အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ပါ အဓိကကတိကဝတ်များနှင့် တိုင်းတာဆုံးဖြတ်ရမည်ဖြစ်ကြောင်း APHR က ဆိုသည်။
ယင်းကတိကဝတ်များတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ ဒီမိုကရေစီအင်အားစုများအပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်သည့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အတားအဆီးမရှိ ပေးပို့ခွင့်ပြုရေးတို့ ပါဝင်ကြောင်း သိရှိရသည်။
အာဆီယံအနေဖြင့် ယင်းအချက်များအပေါ် မြင်သာပြီး တိုင်းတာနိုင်သည့် တိုးတက်မှု မရရှိသေးဘဲ စစ်တပ်ခန့် အစိုးရနှင့် ဆက်ဆံရေးကို ပုံမှန်ပြန်လည်လုပ်ဆောင်လာပါက စစ်အာဏာရှင်ကို နိုင်ငံတကာနှင့် ဒေသတွင်း၌ တရားဝင်မှု ပေးသကဲ့သို့ ဖြစ်လာနိုင်ကြောင်း APHR က သတိပေးထားသည်။




