ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတကာ သံတမန်ယာဉ်တန်းကို PDF က ပစ်ခတ်ဟု စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိလုပ်ကြံဟု NUG အတွင်းဝန် ပြော
သံတမန် ယာဉ်တန်း ပစ်ခတ်ခံရသည့်နေရာသည် စစ်ကောင်စီလက် အောက် ခံ PNO ပြည်သူ့စစ်များ တပ်စွဲထားသော နေရာဖြစ်ဟုဆို
ရန်ကုန်၊ မေ ၈
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတကာ သံတမန်ယာဉ်တန်းကို PDF တပ်က ပစ်ခတ်သည်ဟု စစ်ကောင်စီက ရည်ရွယ် ချက်ရှိရှိလုပ်ကြံသတင်း ထုတ်ပြန်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောဆိုသည်။
မေလ ၇ ရက်နေ့ နံနက် ၉ နာရီ အင်ဒိုနီးရှားနှင့် စင်ကာပူ သံအရာရှိများ၊ AHA Center မှ ၃ ဦး၊ အင်ဒိုနီးရှားသံရုံးမှ Minister Mr. Dicky Komar ၊ စင်ကာပူသံရုံးမှ Counsellor Mr. Muly Anto Sastrowiranu တို့လိုက်ပါသော ယာဉ်တန်းသည် ဆီဆိုင် – ဆိုက်ခေါင်း ကားလမ်းပိုင်း ၊ မိုင်တိုင် အမှတ် ၄၁ အနီးတွင် ပစ်ခတ်ခံရပြီး ယာဉ်တန်းကို လုံခြုံရေး လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ ကားတစ်စီး ပျက်စီးသွားကြောင်း သိရှိရသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က နိုင်ငံတကာသံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှု ဖြစ်စဉ်တွင် PDF အပါအဝင် တော်လှန်ရေး အင်အားစုများ လုံးဝ သက်ဆိုင်မှု မရှိဘဲ ယင်းနေရာသည် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် PNO တပ်စွဲထားသော နေရာဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။
“အခင်းဖြစ်ပွားတဲ့နေရာဟာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေ တပ်စွဲထားတဲ့ နေရာဖြစ်သလို ပြောက်ကျား စစ်တိုက်ခိုက်ဖို့လည်း အဆင်ပြေတဲ့ နေရာမျိုးလည်း မဟုတ်ပါဘူး။ ဒါကြောင့်မို့ NUG ရဲ့ PDF တွေတင်မက အခြားသော တော်လှန်ရေး အင်အားစုတွေကပါ တိုက်ခိုက်တယ်ဆိုတဲ့ ကိစ္စကတော့ ရှိထားတဲ့ ပထဝီအနေအထား သတင်းအချက်အလက်တွေအရ တပ်စွဲထားတဲ့ အနေအထားအရကို မဖြစ်နိုင်ဘူးလို့ ပြောလို့ရပါတယ်။” ဟု အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လုံခြုံရေး လိုက်ပါလာသော ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သဖြင့် PDF ကို နာမည်ဖျက်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံမှုဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်က ဆက်လက် ပြောဆိုသည်။
ဦးနိုင်ထူးအောင်ကတော့ “ဒီလိုမျိုး လုပ်ကြံ တိုက်ခိုက်မှုကို ဖန်တီးတာက ရည်ရွယ်ချက်များစွာရှိတယ်လို့ ထင်ပါတယ်။ ပထမဆုံးအနေနဲ့ စစ်ကောင်စီက ရက်စက်တဲ့ စစ်ရာဇဝတ်မှုပေါင်းများစွာ အကြမ်းဖက်မှုပေါင်းများစွာကို ကျူးလွန်နေတယ်ဆိုတာကို သက်သေအထာက်အထား များစွာရှိပြီးလည်းဖြစ်တယ်။ သူတို့ကလည်း ငြင်းလို့ ရတော့တဲ့ ကိစ္စတော့ မဟုတ်တော့ပါဘူး။ ဒီအချိန်မှာကျတော့ စစ်ကောင်စီအနေနဲ့ပေါ့ PDF တွေကို နာမည် ဖျက်ဖို့ ကြည့်ပြီးတော့ ဆောင်ရွက်လာတာ ဖြစ်နိုင်ပါတယ်။ PDF တွေက သံတမန်ယာဉ်တန်းတွေကိုလည်း တိုက်ခိုက်တယ်ဆိုပြီးတော့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ PDF တွေကို လှည့်ပြီး ရန်တိုက်ပေးလိုက်တဲ့ ပုံစံမျိုး ဖြစ်နိုင်ပါတယ်ခင်ဗျ။ အထူး သဖြင့်တော့ အာဆီယံ summit လိုမျိုး အရေးကြီးတဲ့ အစည်းအဝေးမျိုး ပြုလုပ်ဖို့ ရှိနေတဲ့ အချိန်မျိုး နောက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကလည်း မြန်မာနိုင်ငံအပေါ် ပြန်ပြီးတော့ အားကောင်းလာတဲ့ အချိန်မျိုးမှာ ဒါ ရည်ရွယ်ချက်ရှိရှိလုပ်လာတာ ဖြစ်နိုင်တယ်လို့ အပြည့်အဝပြောနိုင်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။” ဟု ဆက်လက် ပြောဆိုသည်။
စစ်ကောင်စီလော်ဘီများနှင့် စစ်တပ်ထောက်ခံသော သတင်းစာမျက်နှာများက နိုင်ငံတကာသံတမန်ယာဉ်တန်းကို PDF က ပစ်ခတ်သည်ဟု ဝါဒဖြန့် သတင်းများ တောက်လျှောက်ဆိုသလို ထုတ်လွှင့်ရှိသည်ကို စိစစ်တွေ့ရှိရသည်။
ကိုးကား- PVTV