စစ်ကောင်စီက တိုင်းပြည်ကို ဆက်လက်၍ ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိတော့
By ကင်မ် ဂျိုးလစ်ဖ်
မြန်မာ၏ အိမ်နီးချင်းနိုင်ငံများက စစ်အုပ်စုကို အလုပ်ဖြစ်ရန် အလားအလာရှိသည့် အချုပ်အခြာအာဏာပိုင် အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်၍ ကြည့်မြင်ဆက်ဆံလျက် ရှိသော်လည်း လက်တွေ့တွင်မူ ယင်းသို့အခြေအနေက မဟုတ်တော့ပြီ ။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက မြန်မာနိုင်ငံအား ထိန်းချုပ်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့သည့် စစ်အာဏာရှင်အုပ်စုသည် အောင်မြင်မှု မရရှိခဲ့ပေ။ ယခုအခါ ၎င်း၏ ဝန်ထမ်းများ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သည့် အကျယ်အဝန်းမှာ နိုင်ငံအတွင်း အချက်အချာကျသည့် မန္တလေး၏ တောင်ဘက်နှင့် အနောက်ဘက်ပိုင်း ဒေသများသို့ လျှော့ချလိုက်ရပြီ ဖြစ်သည်။
အဆိုပါဒေသများတွင်ပင် နေ့စဉ်နှင့်အမျှ လုပ်ကြံသတ်ဖြတ်မှုများနှင့် ဗုံးခွဲတိုက်ခိုက်မှုများဖြင့် ရင်ဆိုင်နေကြရပြီး၊ ကျယ်ပြန့်သည့် အရပ်ဘက်အာဏာဖီဆန်မှုနှင့် လူထု၏ယုံကြည်မှု ကင်းမဲ့ခြင်းတို့ကြောင့် အုပ်ချုပ်နိုင်စွမ်းရှိသည် ဆိုရုံမျှသာ ဖြစ်လာနေသည်။
နေပြည်တော်စစ်အုပ်စုဟု ဆီလျော်ကိုက်ညီမှုရှိစွာ ခေါ်ဆိုလာကြသည့် အဖွဲ့အစည်းသည် နေရာတိုင်းတွင် တတ်နိုင်သမျှ ပုန်းအောင်းနေရပြီး၊ ၎င်း၏ထိန်းချုပ်မှုပြင်ပရှိ နေရာဒေသများတွင် မငြိမ်မသက်မှုများ ဖြစ်လာစေရန် ၎င်း၏ လေတပ်နှင့် လှည့်ပတ်သွားလာနေသော မူယစ်ဆေးသုံးစွဲထားကြသည့် တပ်သားများကိုသာ အားကိုးအားထားပြုလျက် ရှိနေသည်။
မည်သို့ပင်ဖြစ်စေကာမူ မြန်မာ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုတို့ကမူ စစ်အုပ်စုကို အချုပ်အခြာအာဏာပိုင် အဖွဲ့အစည်းတစ်ခုကဲ့သို့ ကြည့်မြင်ဆက်ဆံလျက် အင်အားပြန်လည်ရရှိလာစေရေး ဂရုတစိုက် မြေတောင်မြှောက်ပေးရန်အတွက် အခိုင်အမာ ရပ်တည်လိုကြပုံ ရသည်။
မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာမူဝါဒနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် ပိုမိုကျယ်ပြန့်သည့် နိုင်ငံတကာအသိုက်အဝန်းက နေရာချထားပေးသည့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ကို ဘေးဖယ်ထားရန် (အစိုးရတာဝန်ရှိသူများနှင့် တာဝန်မရှိသူများ ပါဝင်သည့်) လမ်းကြောင်း ၁.၅ ဆွေးနွေးပွဲခေါ် စည်းဝေးပြောဆိုမှုများမှတဆင့် အဆိုပါနိုင်ငံများက ကြိုးပမ်းလျက် ရှိနေကြသည်။
ထိုင်းနိုင်ငံက အာဆီယံ၏ ချဥ်းကပ်မှုကို အားနည်းထိခိုက်မှုရှိလာစေရန် သီးခြားဆွေးနွေးပွဲများဖြင့် လမ်းကြောင်းတစ်ခုကို စတင်အကောင်အထည် မဖော်မီ အချိန်အထိ၊ အာဆီယံက မြန်မာနိုင်ငံအပေါ် ပိုမို၍ အလယ်အလတ်ကျပြီး အရေးပါသည့် အနေအထားသို့ တဖြည်းဖြည်း ဦးတည်ရွေ့လျားနေခဲ့သည်။
လမ်းကြောင်း ၁.၅ ဆွေးနွေးမှုများအတွင်း စစ်အုပ်စု၏ အရာရှိများ ပါဝင်ပြီး၊ ပိုမိုကျော်ကြားမှုရှိသည့် နိုင်ငံရေးအတိုက်အခံများကို ဆက်လက်၍ ဘေးဖယ်ချန်လှပ်ထားသည့်တိုင် အနည်းငယ်ပို၍ ဒီမိုကရေစီပုံစံကျသည့် နိုင်ငံရေးအစီအစဉ်တစ်ခုသို့ အသွင်ကူးပြောင်းရေးကို စစ်တပ်က အင်အားသုံး လုပ်ဆောင်နိုင်လိမ့်မည်ဟူသည့် မျှော်လင့်ချက်ဖြင့်၊ နိုင်ငံအတွင်း တည်ငြိမ်မှုကို ပြန်လည်ယူဆောင်ပေးရန် ရည်ရွယ်ထားသည်။
စစ်အုပ်စု၏ အလွန်အကျူး လူ့အခွင့်အရေးချိုးဖောက်မှုများကို အလေးမထား ဂရုမစိုက်ဆိုသည့် နိုင်ငံများအတွက်ပင် စစ်အုပ်စုကို ပထမဦးစားပေးထား ချဉ်းကပ်ပုံနည်းလမ်းသည် လက်တွေ့တွင် လက်တွေ့အလုပ်မဖြစ်ပေ။
နေပြည်တော်၏ ထိရောက်သည့် ထိန်းချုပ်မှု ဆုံးရှုံးခြင်း
=========================================
ခုခံတော်လှန်မှုများရှိရာ နယ်မြေဒေသများတွင် လုပ်ငန်းများလုပ်ဆောင်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဖရီးဘားမားရိန်းဂျားစ် (အက်ဖ်ဘီအာရ်) က မကြာမီက ထုတ်ဝေသည့်မြေပုံများက အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်သည့် လူထုအုံကြွမှု၏ရလဒ်အဖြစ်၊ မြန်မာစစ်တပ်၏ လှုပ်ရှားမှုများ မည်ကဲ့သို့ ကန့်သတ်ခံနေရသည်ကို ပြသလျက်ရှိနေကြသည်။
ထိုမြေပုံများက မြန်မာနိုင်ငံ၏ အဓိကကျသည့် ဗဟိုချက်၏အပြင်ဘက်ရှိ အဓိကလမ်းမကြီးများ အများစုမှာ မည်ကဲ့သို့ ဗဟို၏အာဏာစက်အောက်တွင် မရှိတော့သည်ကို ပြသနေကြသည်။ ဤလမ်းများထဲမှ အချို့ကို ကြီးမားများပြားသည့် လူသားနှင့် ငွေကြေးအရ ကုန်ကျမှုများဖြင့် စနစ်တကျ ကောင်းစွာစီစဥ်ထားသည့် စစ်ဆင်ရေးများ၏ အစိတ်အပိုင်းအဖြစ် စစ်တပ်က အသုံးပြုနေနိုင်သေးသည်။
ပြီးခဲ့သောနှစ်က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (အက်စ်အေစီ-အမ်) ဟု ခေါ်ဆိုသည့် အကြီးတန်းသံတမန်များ အဖွဲ့တစ်ခုက၊ စစ်အုပ်စုအနေဖြင့် နိုင်ငံအတွင်း မြို့နယ်များ၏ ၂၀ ရာခိုင်နှုန်းမျှခန့်ကိုသာ တည်ငြိမ်စွာထိန်းချုပ် ထားနိုင်ကြောင်း သုတေသနပြုချက် ထုတ်ပြန်ခဲ့သည်။ ကျန်အခြားမြို့နယ်များကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (အီးအာရ်အို) များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားခြင်း သို့မဟုတ် အပြင်းအထန် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ပြုနေကြသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင်၊ မိမိအနေဖြင့် အက်ဖ်ဘီအာရ် မြေပုံများပေါ်ရှိ စစ်အုပ်စု၏လှုပ်ရှားမှုကို “အလွန်အမင်း ကန့်သတ်ခံထားရသည့်” “အဖြူရောင်နယ်မြေများ” အများအပြားတွင် အချိန်များကို ကုန်ဆုံးစေခဲ့ရဖူးသည်။ ရှိနေသည့် အခြေအနေများက မြေပြင်တွင် များစွာကွဲပြားနေသော်လည်း၊ အဆိုပါ မြေပုံများက တိကျသည့် အပေါ်စီးမြင်ကွင်းကို ပေးစွမ်းနိုင်ကြသည်။ အချို့သော ဤနယ်မြေဒေသများမှာ အီးအာရ်အိုများ၏ ထိန်းချုပ်မှုအောက်တွင် ဆယ်စုနှစ်များစွာကြာ ရှိနေခဲ့ပြီး၊ အချို့မှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းကပင် ဖြစ်သည်။
အခြားသော “အဖြူရောင်နယ်မြေများ” မှာ အသစ်လွတ်မြောက်လာသည့် နယ်မြေများဖြစ်ကြပြီး၊ မကြာခဏဆိုသလိုပင် တိုင်းရင်းသားလူမျိုးပေါင်းစုံ အသိုက်အဝန်းများက အီးအာရ်အိုများ၊ ကာကွယ်ရေးတပ်ဖွဲ့များ၊ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (အန်ယူဂျီ) သို့မဟုတ် အခြားပါဝင်ဆောင်ရွက်နေကြသူများ၏ လမ်းညွှန်မှုဖြင့် အောက်ခြေမှ စတင်အကောင်အထည်ဖော်သည့် အုပ်ချုပ်ရေးကို အတူတကွ တည်ဆောက်နေကြသည့် နယ်မြေများဖြစ်ကြသည်။
အခြားသော “အဖြူရောင်နယ်မြေများ” အများအပြားသည် ခုခံတော်လှန်သူများအား ကြောက်စိတ်ဝင်စေရန် ရည်ရွယ်လျက် မြို့နယ်များကိုဖြတ်ကျော်ကာ၊ မုဒိမ်းကျင့်၊ မီးရှို့ပြီးနောက် လမ်းခွဲကြလေ့ရှိသည့် “ဘီလူး” ဗျူဟာစစ်ကြာင်း၏ အစိတ်အပိုင်းဖြစ်သည့် လှည့်ပတ်သွားလာနေသော နေပြည်တော်စစ်အုပ်စုတပ်ဖွဲ့များ၏ ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခံရခြေ ရှိနေဆဲဖြစ်သည်။
လက်တွေ့တွင်၊ ဤတပ်ဖွဲ့များသည် အမြဲတမ်းပင် တိုက်ခိုက်မှုများအတွင်း ရှုံးနိမ့်ခဲ့ကြရပြီး၊ ၎င်းတို့၏ လွဲမှားသည့် မတရားပြုကျင့်မှုများက ထိုရပ်ရပ်ရွာအသိုက်အဝန်းများနှင့် နိုင်ငံတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော လူထု၏ ပို၍ပိုင်းဖြတ်မှုရှိသည့် ခုခံတော်လှန်မှုဖြစ်လာစေရန် ရိုးရိုးရှင်းရှင်းပင် လှုံ့ဆော်ပေးပြီး ဆန့်ကျင်ခုခံမှုကို ပို၍ပင် တွန်းအားဖြစ်လာစေခဲ့သည်။
လေကြောင်းမှ တိုက်ခိုက်မှုများနှင့် တာဝေးပစ်အမြောက်များဖြင့် ပစ်ခတ်မှုများသည် ပုံမှန်အားဖြင့် အဖျက်အဆီး အမြင့်မားဆုံး ခြိမ်းခြောက်မှုများ ဖြစ်ကြသည်။ ခုခံတော်လှန်ရေးနယ်မြေများအတွင်း သန်းနှင့်ချီ၍ရှိနေသည့် လူထုသည် အဝေးထိန်း ဒရုန်းများဖြင့် အဆက်မပြတ် စောင့်ကြည့်ခြင်း ခံနေကြရပြီး၊ မည်သည့်အချိန်တွင်မဆို အဖျက်စွမ်းအား ပြင်းထန်သော ဆိုးရွားသည့် လေကြောင်းမှ တိုက်ခိုက်မှုဖြစ်လာနိုင်ကြောင်း သိရှိထားကြသည်။
တာဝေးပစ် အမြောက်များဖြင့် ပစ်ခတ်မှုများသည် ခုခံတော်လှန်ရေးနယ်မြေအများစုတွင် နေ့စဥ်ဖြစ်ပွားလေ့ရှိသည့် အရာဖြစ်နေသည်။ များပြားလှသည့် နေရာဒေသများသို့ မိမိခရီးသွားလာနေစဉ်အတွင်း အမြောက်ပစ်သံများနှင့် နောက်ဆက်တွဲ အရပ်သားများသေဆုံးသည့် သတင်းများက နေ့စဉ်နှင့်အမျှ ထွက်ပေါ်လာနေခဲ့သည်။
အက်ဖ်ဘီအာရ် မြေပုံများတွင် ဖော်ပြထားသည့်အတိုင်း၊ ၁၉၈၈ ခုနှစ်အတွင်း အဓိကနောက်ဆုံးအရေးအခင်း ဖြစ်ခဲ့ပွားပြီးသည့်နောက်ပိုင်း တိုးချဲ့လာခဲ့သည့် မြန်မာစစ်တပ်၏ မယှဥ်သာသော ကြီးမားသည့်စွမ်းအားကြောင့် ခုခံတော်လှန်မှုက အလွန်နိမ့်ပါးသောအတန်းမှ စတင်လာခဲ့ရသည်။ သို့ရာတွင် အဓိကကျသည့် စောင့်ကြည့်ရမည့်အချက်မှာ ပဋိပက္ခ၏ ရွေ့လျားရာလမ်းကြောင်းဖြစ်သည်။
အီးအာရ်အိုများ၊ နိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှားသူများကြား ပူးပေါင်းဆောင်ရွက်မှုအရ ခုခံတော်လှန်မှုက ဖွဲ့စည်းမှုတွင် ပို၍ ကောင်းမွန်လာခဲ့ကာ၊ ပိုတိုး၍သာ ညီညွတ်လာခဲ့ကြပြီး၊ တော်လှန်ရေးတစ်ခုအဖြစ်သို့ ပြောင်းလဲဖြတ်ကျော်ရန် တသမတ်တည်း စိတ်ပိုင်းဖြတ်မှုဖြင့် သန္နိဋ္ဌာန်ချမှတ်လာခဲ့သည်။
လေ့လာဆန်းစစ်သူ အများအပြားက ခုခံတော်လှန်မှုမှာ ချေမှုန်းခံရလိမ့်မည် သို့မဟုတ် ညီညွတ်မှုကင်းမဲ့သည့် သဘောထားကွဲလွဲမှုများဖြင့် ပြိုလဲသွားလိမ့်မည်ဟု ကြိမ်ဖန်များစွာ ပြောဆိုခဲ့ကြသော်လည်း၊ ဆက်စပ်လွှမ်းခြုံနေသည့် ရွေ့လျားရာလမ်းကြောင်းများက ထိုအချက်နှင့် ဆန့်ကျင်ဘက်သို့ တသမတ်တည်း ရွေ့လျားလျက် ရှိနေသည်။
မတ်လအတွင်း နိုင်ငံ၏ သင်္ကေတနှင့် ဗျူဟာမြောက် အချက်အချာကျသည့် ဒေသဖြစ်သော မန္တလေးတိုင်းသည် တိုက်ပွဲဖြစ်မှု အရေအတွက်အရ တက်ကြွမှုအရှိဆုံး ပဋိပက္ခဇုန် ဖြစ်လာခဲ့သည်။ ထိုအတောအတွင်း ယခင်က ကောင်းစွာ ခုခံကာကွယ်ထားမှုရှိခဲ့သည့် လေတပ်စခန်းများနှင့် လက်နက်စက်ရုံများကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ တိုးလာခဲ့သည်။
စစ်တပ်၏ ခံတပ်မြို့တော် နေပြည်တော်နှင့် ကီလိုမီတာ ၅၀ အကွာအဝေးအတွင်း တည်ရှိနေသည့် မြို့နယ်များ အများအပြားတွင် ပဋိပက္ခများက ဆိုးရွားပြင်းထန်လာနေပြီး၊ နေပြည်တော်ခရိုင်နှင့် ၎င်းအား ဝိုင်းပတ်ထားသည့် ဒေသများတွင် ယခုလအတွင်း တိုက်ပွဲများက သိသိသာသာ တိုးမြင့်လာလိမ့်မည်ဟု၊ လေ့လာဆန်းစစ်မှု ကုမ္ပဏီများက ခန့်မှန်းထားကြသည်။
နေပြည်တော်စစ်အုပ်စုအနေဖြင့် ချက်ခြင်းလက်ငင်း ပြိုကျသွားရန်မှာ မဖြစ်နိုင်သော်လည်း၊ ကြုံ့ဝင်သွားသည့် နိုင်ငံအစိတ်အပိုင်း တစ်ခုကဲ့သို့ ကတုတ်ကျင်းများအတွင်း ဝပ်ဆင်း၍လာနေကာ၊ အနီးအနားရှိ နေရာဒေသများသို့ လက်နက်ကြီးများကို ရိုင်းစိုင်းကြမ်းတမ်းစွာ ပစ်ခတ်နေမှုများက တိုး၍လာနေသည်။
မည်သို့ပင်ဖြစ်စေကာမူ၊ စစ်ဗိုလ်ချုပ်များနှင့်အတူ ကတုတ်ကျင်းထဲတွင် နိုင်ငံတော်အခြေခံအဆောက်အအုံ၏ အထင်ရှားဆုံးသော အစိတ်အပိုင်းများ ရှိနေသရွေ့၊ အိမ်နီးချင်းနိုင်ငံများနှင့် ကုလသမဂ္ဂတို့က စစ်အုပ်စုသည် နိုင်ငံတစ်ခုလုံး၏ “လက်တွေ့အမှန်တရားအရ အာဏာရှိသူ” ဖြစ်သည်ဟု ဟန်ဆောင်ယူဆရန် ဆန္ဒရှိနေပုံရသည်။
အချို့က ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း စစ်အုပ်ချုပ်ရေးအောက်တွင် ဖြစ်ပွားခဲ့သည့် သယံဇာတ အလျင်စလို ထုတ်ယူမှုကို ပြန်လည်လည်ပတ်နိုင်ရန် မျှော်လင့်ချက်ဖြင့်၊ မြန်မာနိုင်ငံနှင့် နိုင်ငံခြား ဆက်ဆံရေးများကို “ပုံမှန်ဖြစ်လာစေမည့်” ခြေလှမ်းများကို လှမ်းလိုနေကြသည်။
စစ်အုပ်စုကို နိုင်ငံတော်အဖြစ် လုပ်ကြံဆင်မြန်းရန် ထွက်ပေါက်မရှိသည့် ကြိုးပမ်းမှုများ
===================================================================
လစ်ဘရယ် လွတ်လပ်မှုအတွက် အာရုံစိုက်နိုင်စွမ်းမရှိမှုအဖြစ် အိမ်နီးနားချင်းနိုင်ငံများက ကြည့်မြင်နိုင်သည့် အခြေခံကိုယ်ကျင့်တရားဆိုင်ရာ စဉ်းစားဆင်ခြင်မှုများက မည်သို့ပင်ဖြစ်နေစေကာမူ၊ ယုံကြည်စိတ်ချရသည့် အာဏာပိုင် အဖွဲ့အစည်းတစ်ခုအဖြစ် နေပြည်တော်စစ်အုပ်စုအား ဆက်ဆံမှုပြုခြင်းက ရိုးရှင်းစွာပင် လက်တွေ့ကျမှုမရှိပေ။
နိုင်ငံအတွင်းရှိ နယ်မြေဒေသအများစုတွင် ၎င်း၏ နိုင်ငံရေး သို့မဟုတ် စီးပွားရေး ဆုံးဖြတ်ချက်များကို စစ်အုပ်စုက အကောင်အထည် ဖော်နိုင်စွမ်း မရှိပေ။ ဤအချက်မှာ အိန္ဒိယနှင့် ထိုင်းနယ်စပ်များတွင် ရှိနေသည့် ရှည်လျားသော နယ်နိမိတ်များ တစ်လျှောက်တွင် အပြည့်အဝနှင့် အထင်ရှားဆုံးဖြစ်နေပြီး၊ ထိုဒေသများတွင် ၎င်း၏ စစ်တပ်နှင့် ရဲကင်းစခန်းများမှာ အထီးကျန် ငတ်မွတ်နေကြရပြီး ၎င်း၏ အုပ်ချုပ်ရေးမှူးများမှာ လွန်ခဲ့သည့် ၂ နှစ်ကပင် ဒေသခံအသိုက်အဝန်းများ၏ တွန်းထုတ်ခံခဲ့ကြရသည့် နေရာများ ဖြစ်ကြသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် စီးပွားရေးအကျိုးအမြတ်များကို ထုတ်ယူရရှိနေသည့်အကျိုးစီးပွားများအတွက် ထင်ရှားသည့် ပြဿနာများအားလုံးတွင်၊ ဘေဂျင်း၏ ရလဒ်အပေါ်တွင်သာ ဦးတည်အာရုံစိုက်သည့် လက်တွေ့အလုပ်ဖြစ်ရေး အကျိုးမျှော်ဝါဒနှင့် နိုင်ငံအတွင်း အမှန်တကယ်ဖြစ်ပျက်နေမှုများကို ၎င်း၏ သိရှိနားလည်ထားမှုတို့မှ သင်ခန်းစာယူစရာများ ရှိနေသည်။
ဗီဇာရုံးများ၊ လေဆိပ်များနှင့် ဘဏ်များကဲ့သို့သော အဓိကအချက်အချာကျသည့် အခြေခံအဆောက်အအုံများကို နေပြည်တော်စစ်အုပ်စုက ကိုင်ဆောင်ထားသည်ဟု တရုတ်နိုင်ငံက စိတ်မပါ့တပါဖြင့် အသိအမှတ်ပြုထားသော်လည်း၊ ၎င်းတို့အကြား ထိတွေ့ဆက်ဆံမှုကို အနည်းဆုံး အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ဖွဲ့နှင့် နိုင်ငံရေးပါတီ အများအပြားတို့နှင့် နှစ်ဦးနှစ်ဘက်ဆက်ဆံရေး ထားရှိမှုမှတဆင့် သိသာစွာကန်သတ်ထားသည်။
ထိုအချက်ကြောင့်ပင် နေပြည်တော်စစ်အုပ်စုအား ပြိုလဲကျသွားစေမည့်အစား၊ တရုတ်က ၎င်း၏ ပိုက်လိုင်းများအတွင်း စီးဆင်းနေမှုကို ဆက်လက်ထိန်းထားနိုင်ကာ ၎င်း၏ ကုန်သွယ်ရေး တံခါးများကိုလည်း ဖွင့်လှစ်ထားနိုင်ခဲ့သည်။
အချို့သော အိမ်နီးချင်းနိုင်ငံများက မြန်မာနိုင်ငံကို ပိုမိုနက်ရှိုင်းသည့် ပရမ်းပတာဖြစ်မှုသို့ ပြိုဆင်းသွားသည့် “ဘော်လ်ကန်ဒေသ ပြိုကွဲမှုပုံစံ” မြင်ကွင်းတစ်ခုအဖြစ် စိတ်ကူးယဉ် ကြည့်မြင်ကြောက်ရွံ့မှုဖြင့်၊ စစ်တပ်သည် တိုင်းပြည်ကို အတူတကွဖြစ်စေရန် ထိန်းထားလျက် ရှိနေသည်ဟု ဆိုကြသည်။
ယူဂိုဆလားဗီးယားသည် တစ်ခုတည်းသော နိုင်ငံအဖြစ် ထာဝရရှိနေနိုင်ခဲ့လျင် ပိုမိုကောင်းမွန်လိမ့်မည်ဟူသော ထူးဆန်းသည့် ပတ်သက်မှုမှလွဲ၍ ဤဇာတ်ကြောင်းတစ်ခုလုံးက လိမ်လည်လှည့်ဖြားမှုများအပေါ် အခြေခံထားသည်။ လက်တွေ့တွင်၊ ဗမာလူများစုအခြေခံ အစွန်းရောက် စစ်အာဏာရှင်များက တစ်လျှောက်လုံး လုပ်ဆောင်နိုင်စွမ်းရှိမှုနှင့် ဆက်စပ်နေသမျှ အရာများအားလုံးထက်၊ တော်လှန်ရေး လှုပ်ရှားမှုက လူမျိုးရေး ကွဲပြားမှုများ အားလုံးအတွက် များစွာပိုမိုသည့် စည်းလုံးညီညွတ်မှုဖြင့် ရှိနေစေသည်။
တော်လှန်ရေးလှုပ်ရှားမှု၏ ဗဟိုချက်တွင် ရှိနေသည့် အီးအာအိုအဖွဲ့များက၊ ၎င်းတို့၏ နံပါတ်တစ် ဦးစားပေးမှုမှာ တိုင်းပြည်ကို အတူတကွ ရှိနေစေရန်နှင့် စစ်တပ်သည် သဘောထားကွဲပြားမှုများ အားလုံး၏ အရင်းအမြစ်ဖြစ်ကြောင်း လေးနက်အားပါရှင်းလင်းစွာ ဖော်ပြခဲ့ကြပြီးဖြစ်သည်။
အဓိကကျသည့် နိုင်ငံရေးပါတီ တစ်ဒါဇင်ကျော်၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း (အီးအာရ်အို) များ၊ သပိတ် ခေါင်းဆောင်များနှင့် အခြားသူများအား ကိုယ်စားပြုနေသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (အန်ယူစီစီ) က အန်ယူဂျီကို ခန့်အပ်ခဲ့သည်။
အန်ယူဂျီသည် တရုတ်နှင့်နီးစပ်မှုရှိသည့် အချို့သော အီးအာရ်အိုအဖွဲ့များ အပါအဝင် ကျယ်ပြန့်သည့် အီးအာရ်အိုအဖွဲ့များနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးလျက် ရှိနေပြီး၊ ၎င်း၏ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးကွပ်ကဲမှုဆိုင်ရာ နယ်မြေဒေသ သုံးခုတို့ကိုဖြတ်၍ အီးအာရ်အိုများ၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
မရှောင်မလွှဲသာနှင့် အကြိမ်ပေါင်းများစွာတိုင် ဆွေးနွေးခဲ့ကြရသည့် အချင်းချင်းအကြား တင်းမာမှုများနှင့် ဤနိုင်ငံရေးစီမံချက်တွင် လက်ရှိဖြစ်နေသည့် စိန်ခေါ်မှုများ ရှိနေသော်လည်း၊ စည်းလုံးညီညွတ်မှုက တစ်လထက်တစ်လ တိုး၍သာရှိလာနေပြီး မတူညီသော တိုင်းရင်းသားအသိုက်အဝန်းများမှ ကွဲပြားနေကြသည့် အင်အားစုများအကြား မြေပြင်တွင်ရှိနေသည့် ပူးပေါင်းဆောင်ရွက်မှုများ၏အဆင့်က အလွန်အမင်း အံ့အားသင့်ဖွယ်ရာပင် ဖြစ်သည်။
၂၀၂၁ ခုနှစ် ဧပြီလတွင် သဘောတူညီခဲ့ကြပြီး၊ ၂၀၂၂ ခုနှစ် ဇန္နဝါရီလတွင် ပြင်ဆင်ရေးဆွဲခဲ့ကြသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းသည် တိုင်းရင်းသားတန်းတူရေးနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေးကို အခြေခံသည့် ပြည်ထောင်စုသစ်အတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ စစ်အုပ်စုက ၎င်း၏အာဏာရှင်ကို ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ သမ္မတအဖြစ်သို့ ပြောင်းလဲရန် သိလွယ်မြင်သာသည့် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ချပြလာသည့် မည်သည့်အရာ မှန်သမျှထက်မဆို၊ ၎င်းတို့၏ နိုင်ငံရေးလမ်းပြမြေပုံက မိုင်ပေါင်းများစွာ ခရီးပို၍ ရှေ့သို့ရောက်ရှိနှင့်ပြီး ဖြစ်နေသည်။
စစ်အုပ်စု၏ ရှင်သန်မှုကို ဆက်လက်ထောက်ခံမှုပေးရန် အာရှနိုင်ငံများအတွက် လက်တွေ့ကျ အဓိပ္ပာယ်ရှိစေမည့် တစ်ခုတည်းသောနည်းလမ်းမှာ၊ အကယ်၍ မြန်မာနိုင်ငံရှိ မပြီးဆုံးနိုင်သည့် မငြိမ်မသက်မှုများနှင့် မတည်မငြိမ်ဖြစ်မှုများမှ ၎င်းတို့အနေဖြင့် အကျိုးကျေးဇူးရရှိနေလိမ့်မည်ဟု ယုံကြည်နေမှုသာ ဖြစ်သည်။
ထိုယုံကြည်မှုက မကုန်ခန်းနိုင်သည့် စျေးပေါသော အလုပ်သမားအရင်းအမြစ်ကို မိမိတို့အား ပေးအပ်ပြီး၊ ၎င်းတို့၏ အိမ်နီးချင်း မြန်မာနိုင်ငံသည် မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုကို မည်သည့်အခါမျှ ပြုလုပ်နိုင်စွမ်းမရှိသည့် မိမိ၏အတွင်းရေးအတွက်သာ ကြည့်နေရသော ကြားခံအခြေအနေတစ်ခုအတွင်း ရှိနေစေရေးကို သေချာမှုရှိစေသည်။ သို့ရာတွင် ထိုသို့ယုံကြည်မှုတွင် ကြီးမားသည့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စွန့်စားမှုများလည်း ပါဝင်နေပြီး ရိုးရှင်းစွာပင် ရေရှည်တည်တံ့မှု မရှိနိုင်ပေ။
အောင်ပွဲခံ အဆုံးသတ်နိုင်ရန်အတွက် အပြစ်မဲ့သူများအား သတ်ဖြတ်ခြင်းကဲ့သို့သော မရိုးသားမှုနှင့် မသမာသည့် ဆက်ဆံမှုများကို ပြုမူရန်လိုအပ်သည်ဟု လက်ခံထားသည်ထက် ပို၍ဖြစ်နိုင်ခြေရှိသည့် အဆိုပါနိုင်ငံများမှာ မြေပြင်အခြေအနေနှင့် ပတ်သက်၍ ထောက်လှမ်းရေးအသိဉာဏ် အလွန်နည်းပါးနေခြင်းမျှသာ ဖြစ်နိုင်သဖြင့်၊ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက ဖြစ်ပျက်ခဲ့သကဲ့သို့ပင် ကျရှုံးနေသည့် စစ်တပ်က တိုင်းပြည်ကို တစ်နည်းနည်းဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လာနိုင်လိမ့်မည်ဟု ယူဆနေသည့်အတွက် မျက်စိမှိတ်၍ ဆက်လက်ဖက်တွယ်ထားခြင်း ဖြစ်နိုင်သည်။
၎င်းတို့က နေပြည်တော်စစ်အုပ်စုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးလိုခြင်း ဖြစ်နိုင်သော်လည်း၊ စစ်အုပ်စုတွင် ထိုစီမံကိန်းများအား အကောင်အထည်ဖော်မှုကို စီမံခန့်ခွဲရန် သို့မဟုတ် ငွေကြေးအရ အကူအညီပေးရန် မဆိုထားနှင့်၊ စီမံကိန်းများအတွက် လုံခြုံရေးကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်သည့် စွမ်းဆောင်ရည်ရှိမှုမျိုးပင် ကင်းမဲ့နေသည်။
ရှင်းလင်းပြတ်သားမှု ရှိရမည့်အချိန်
=============================
ဤနိုင်ငံများအနေဖြင့် ပိုမိုလက်တွေ့ကျပြီး ကျိုးကြောင်းဆီလျော်မှုရှိသည့် မဟာဗျူဟာတစ်ခုကို မဖော်ဆောင်နိုင်ပါက၊ လမ်းကြောင်း ၁.၅ ဆွေးနွေးပွဲများနှင့် ၎င်းတို့၏ မြန်မာစစ်ဗိုလ်ချုပ်များနှင့် ဆက်လက်လုပ်ဆောင်နေသည့် ထိတွေ့ဆက်ဆံမှုများ၏ ဖြစ်နိုင်ခြေအရှိဆုံးရလဒ်မှာ၊ မြေပြင်တွင် လက်တွေ့အကောင်အထည် ဖော်နေကြသည့် အရာများနှင့် အဆိုပါနိုင်ငံများမှာ တိုး၍သာ သက်ဆိုင်ဆီလျော်ခြင်းမရှိတော့ဘဲ အလှမ်းဝေးလာကြလိမ့်မည် ဖြစ်သည်။
ခုခံတော်လှန်မှုအတွင်း ပါဝင်ဆောင်ရွက်နေကြသူများနှင့် လက်တွဲလုပ်ဆောင်ရန် နည်းလမ်းရှာဖွေကြသော နိုင်ငံများ၊ ကုမ္ပဏီများနှင့် နိုင်ငံတကာလုပ်ငန်းအဖွဲများသည်သာလျင် ပိုကောင်းသည်ဖြစ်စေ သို့မဟုတ် ပိုဆိုးသည်ဖြစ်စေ အမှန်တကယ် အကျိုးသက်ရောက်မှု ရှိလာစေနိုင်သူများ ဖြစ်လာကြလိမ့်မည်ဖြစ်သည်။
ဤအချက်က လက်ရှိအချိန်တွင် မြန်မာနိုင်ငံအရေးကို အာဆီယံခေါင်းဆောင်မှုအပေါ် လွှဲအပ်ထားကြသည့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအနေဖြင့်၊ ချဉ်းကပ်မှုအသစ်တစ်ခုကို မဖြစ်မနေရှာဖွေကြရန် လိုအပ်နေပြီး၊ ထိုသို့မဟုတ်ပါက သယံဇာတ ငတ်မွတ်နေသည့် တရုတ်နိုင်ငံက ၎င်းတို့ကို အကောင်အထည်ဖော်ရန်အတွက် ကောင်းစွာသတ်မှတ်ထားသည့် ရည်မှန်းချက်များနှင့် ဗျူဟာတစ်ခုရှိနေသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်နေစဥ်တွင် ၎င်းတို့သည်လည်း တိုး၍သာ ဆီလျော်မှုမရှိ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံများအနေဖြင့်၊ ဂျပန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် အနောက်နိုင်ငံများ အပါအဝင် “အာဆီယံ အပေါင်း” ဖွဲ့စည်းမှုမျိုးဖြင့် ပို၍တိုက်ရိုက်ကျသည့် ချဉ်းကပ်မှုပြုရန် အချိန်တန်ပြီ ဖြစ်သည်။ ၎င်းတို့၏ ပထမဆုံးသော ခိုင်မာသည့် ရည်မှန်းချက်များတွင်၊ နိုင်ငံနှင့် ပြည်ထောင်စုအဆင့် ဒီမိုကရေစီ မဏ္ဍိုင်အဖွဲ့အစည်းများ အားကောင်းလာစေရေး လုပ်ဆောင်ပေးမှုနှင့်အတူ စစ်တပ်ကို နိုင်ငံရေးမှ အပြီးအပိုင် ဖယ်ရှားရေးတွင် ခုခံတော်လှန်မှုအား အကူအညီပေးရန် ဖြစ်သည်။
မည်သည့်ဒီမိုကရေစီနိုင်ငံကမျှ ပဋိပက္ခအတွက် ထိုကဲ့သို့သော ရှင်းလင်းပြတ်သားသည့် အဖြေများကို အတိအလင်း ပြည့်စုံရှင်းလင်းစွာ ထုတ်ဖော်ပြသနိုင်မှု မရှိခဲ့သည့်အချက်က အဘယ်ကြောင့် ဤမျှနည်းပါးလှစွာသာ အောင်မြင်မှုရရှိနိုင်ခဲ့သည်ကို အခိုင်အမာညွှန်ပြနေသည့် အချက်တစ်ခု ဖြစ်သည်။
( The Diplomat တွင် မေလ ၃ ရက်နေ့ ဖော်ပြထားသည့် Myanmar’s Military Is No Longer in Effective Control of the Country ကို ဆီလျှော်အောင် ဘာသာပြန်ထားသည်။ )