32 C
Yangon

လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်များ ယနေ့နောက်ဆုံးထား ဆုတ်ခွာရန် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ KNU က စာပို့ အသိပေး

Must read

ရန်ကုန်၊ မတ် ၉

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်၊ လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင်ပိုင်းဒေသတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များကို ယနေ့နောက်ဆုံးထား ဆုတ်ခွာရန်နှင့် မဆုတ်ခွာပါက ဖြစ်လာမည့် အကျိုးဆက်ပြဿနာများသည် KNU တပ်မဟာ ၆ ၏ တာဝန်မဟုတ်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ တာဝန်သာဖြစ်ကြောင်း KNU တပ်မဟာ ၆ က အရှေ့တောင်တိုင်းစစ်ဌာနချုုပ် တိုင်းမှူးထံ အသိပေးလိုက်သည်။

အဆိုပါ အသိပေးစာသည် မတ်လ ၇ ရက်နေ့တွင် တပ်မဟာ ၆ အတွင်းရေးမှူး စောလစ္စတန်လက်မှတ်ဖြင့် ပေးပို့ထားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များ ၃ ရက်အတွင်း ပြန်လည်ဆုတ်ခွာရန် အသိပေးထားခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒေါနတောင်အရှေ့ခြမ်းရှိ လေးကေ့ကော်ဒေသနှင့် ဒေါနတောင်အနောက်ခြမ်းရှိ ကော့ကရိတ်တောင်ပိုင်း ကျေးရွာများသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူလူထုများ ကျေးရွာများကို စွန့်ခွာထွက်ပြေးနေရကြောင်းအသိပေးစာတွင် ရေးသားထားသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများရှိ ကျေးရွာများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများစွာကို အဓမ္မသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းများလုပ်နေခြင်းကြောင့် ပြည်သူများသည် ကျေးရွာများသို့ ပြန်လည်နေထိုင်ရန် ကြောက်ရွံ့နေကြောင်း KNU က ဆိုသည်။

အသိပေးစာတွင် ကရင်အမျိုးသားပြည်သူလူထု၏ ရင်ဆိုင်နေရသော ဒုက္ခများနှင့် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ကူညီဖြေရှင်းရန် KNU တွင် တာဝန်ရှိကြောင်း၊ ပြည်သူများ အေးချမ်းစွာပြန်လည်နေထိုင်နိုင်ရန် လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင်ပိုင်းဒေသများရှိ စစ်ကောင်စီတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရန်အသိပေးကြောင်း KNU တပ်မဟာ ၆ က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article